Khet Yint Yint

September 20, 2010

Reasons

Filed under: Khet Yint Yint — khetyintyint @ 8:31 pm

< ချစ်ခင်ရပါသော အမ(ကြီး)တစ်ယောက်မှ ပျောက်နေရတာ ဘာတွေလုပ်နေသလဲ မေးလာသဖြင့် မေလ်းနှင့်ပြန်ဖြေကြားခြင်း၏ အဆက် >

ပျောက်နေရတာကတော့ .. ဒီရက်ပိုင်းတွေမှာ မှိုင်းပြာမှုံရီဝေ နေတာနဲ့ အာရုံတွေလက်ခံနိုင်တာထက် ပိုပြီးထွေပြားနေလို့ပါပဲ အမ ။ လှည့်နေကြဘက်တွေ မလှည့်နိုင်ဖြစ်နေတယ် ဆိုပါတော့လေ။ အချိန်လေးရတာနဲ့ ဘလော့တွေတော့ အမြန်လာလာဖတ်ဖြစ်နေတုန်းပါပဲ ။ အားရပါးရသာ သေချာမဖတ်နိုင် ကွန်မန့်မရေးနိုင်အား ဖြစ်နေတယ် ။ ကိုယ်တစ်ယောက်ထဲမအားမလပ် အလုပ်တွေများနေသယောင် ဆိုရပြန်တော့ စင်္ကာပူက တခြားသူတွေကို အားနာမိတယ် ။ ကစားတဲ့အချိန်ကစား ၊ စာလုပ်တဲ့အချိန်ဆော့ ဆိုသလို သူ့အချိန်နဲ့ ၊ သူ့အကန့်နဲ့သူ အရင်ကလောက် မကန့်နိုင်အောင် အာရုံများနေမိတယ်ဆို ပိုမှန်ပါလိမ့်မယ် အမ ။

<ဆက်ရေးမိသည်>

အချိန်မရှိဘူးဆိုပေမယ့် ဒီ ဗီဒီယိုကလစ် ကိုတော့ အချိန်နဲ့တပြေးညီ ယူကျူ့မှာ တင်လိုက်နိုင်ပါသေးတယ် ။ ဘယ်လိုဘယ်ပုံ ဒီကလစ်ကို ရလာတယ်လို့တော့ မမေးပါနဲ့တော့ အမ ။
ဘေးနားက ခိုးခိုးနမ်းနေရတဲ့သူကို ခဏတဖြုတ်ဆိုသလို မတွေ့ဖြစ်ပြန်တော့ ရယ်ခြင်းပြုံးခြင်း မရှိလိုက်တာ ၃၊၄ရက်တောင် ကြာသွားတယ် ။ အစက မရှိပေမယ့် စမိသွားရင်တော့ ရပ်ထား၊ ပစ်ထား၊ ဖျက်ထားဖို့ မရနိုင်ပြန်တော့ အစရှိအနောင်နောင် ဆိုတဲ့အထဲမှာ ဒါမျိုးလဲပါကြောင်း နှုတ်ခမ်းထောင့်လေး တွန့်လို့ ပြုံးတုံးတုံးနဲ့ ရေရွတ်မိပြန်တယ် ။ ချစ်တတ်သွားပြန်တော့ ချစ်လို့နေမြဲ နေချင်တော့သပေါ့ ။ တစ်ယောက်ထဲပဲနေသွားမယ် ပြောထားတာဟာ တစ်ယောက်ထဲဖြစ်နေသရွေ့အထိပဲ မှန်ပြီး တစ်ယောက်ထဲမဟုတ်တော့ရင် တစ်ယောက်ထဲကို မနေတတ်တော့လို့ အဲဒီ့  တစ်ယောက်ကိုဖျတ်ဖျတ်လူး ရှာနေမိတော့တာ တစ်ယောက်မဟုတ် တစ်ယောက်တွေ့တဲ့အထိပါပဲ ။ လုံးလုံးမတွေ့ဘူးဆိုမှတော့ တစ်ယောက်ထဲပဲ ပြန်နေသွားရတော့မှာပေါ့လေ ။ အပြောကြီးခဲ့ပေမယ့် ဟိတ်တလုံးဟန်တလုံး အပြောကြီးတဲ့သူဟာ နဖူးတွေ့ဒူးတွေ့ကျတော့ “အော်” လို့တောင် အသံမထွက်နိုင်သူ ကိုယ်ကိုယ်တိုင်ပါပဲ ဖြစ်သွားပါတော့တယ် ။ ကိုယ်တိုင်မကြုံဖူးသေးတဲ့ အချစ်ကို  စာကိုးစကားကိုးနဲ့ ဖွင့်ဆိုနေခဲ့လိုက်တာ ဝုန်းကနဲတွေ့လိုက်ရချိန်ကြတော့ လက်တွေ့မညီ စာနဲ့ညှိ လုပ်ချိန်မရလိုက်ပြန်ဘူး ။ ခက်တယ် ခက်တယ် ရီလေးရှင်းရှစ်တစ်ခု တည်မြဲဖို့ဆိုတာ အတော်ခက်တယ် လို့ မြည်တမ်းရင်းနဲ့ပဲ အိုးနဲ့ခွက် စုံနင်းလို့  မီးစင်ကြည့်က ပစ်လိုက်ရတော့တယ် ။ ချစ်ခင်မြတ်နိုးလှပါသော မေ ဆိုတာဟာ အချိန်တစ်ခုထိဖြစ်ပြီး ခိုင်မြဲတွယ်တာနှောင်ဖွဲ့ရပါသော မောင် ဆိုတာ အဲဒီအချိန်တစ်ခုကျော်သွားမှစကြောင်း ရေးတေးတေး သဘောပေါက်သလိုလို ရှိလာပါတယ် ။ချည်တော့ချည်ကြတာပဲလေ ။ လွတ်မှာစိုးလို့ မရမက ချည်နေသူဟာ အမှတ်တစ်ခုကျော်သွားရင် လွတ်ထွက်မရအောင် အချည်ခံသူလဲ ဖြစ်သွားတတ်သေးတယ်လို့ ကျူရှင်မှာ မသင်ခဲ့ရဘူး ။ ပီးယားတူပီးယား  (peer-to-peer) အချင်းချင်းတွေ့မှ မေးမြန်းကြည့်ရပါဦးမယ် ။
အမှန်ကတော့ အောက်ကစာစုလေးကို ချစ်ဆိပ်တလူလူတက်နေချိန်မှာ တင်ပစ်လိုက်ဖို့ရည်ရွယ်ထားသော်လည်း ချစ်မီးတောက်ကြောင့်ကို ဖျတ်ဖျတ်လူးနေရတာနဲ့ ဒီစာအရင်တင်တဲ့စခန်းမရောက်လိုက်ဘူး ။ ဘာပဲဖြစ်ဖြစ် အကြမ်းရေးထားတာကို ကူးလိုက်ပါတယ် ။ ခုချိန်မှာတော့ ချစ်မီးကြောင့် တမြေ့မြေ့ လောင်ကျွမ်းနေရပြီပေါ့.. အစ်အစ်..
ရှေ့မှီနောက်မှီတွေက သိပါလိမ့်မယ် ။ ဒီသီချင်းကို မှတ်စုစာအုပ်မှာ ကူးရေးဖူးတာမျိုးလဲ ရှိချင်ရှိခဲ့လိမ့်မပေါ့ ။ ရှေ့ကြီးပဲမှီတဲ့သူတွေက တစ်ခေတ်တုန်းက တူးတူး ဆိုခဲ့ဖူးတာပဲ မှတ်မိမယ်ထင်ရသလို နောက်ပဲမှီတဲ့သူတွေကြပြန်တော့ အဲလက်စ် ပြန်ဆိုဖူးတာပဲ ကြားဖူးမယ် ထင်ပါတယ် ။ ရှေ့ခေတ်ကိုလွတ်သွားတဲ့ ကျွန်တော်ကတော့ အဲလက်စ်က တူးတူး ဂီတသက်တမ်း ၁၅နှစ်ပြည့် Live Show အခွေမှာ ဆိုတာပဲကြားဖူးပါတယ် ။
” တကယ်လို့သာ ချစ်သူနဲ့သာ မဆုံစည်းရရင် ” နဲ့အစချီပြီး
” ကြင်နာသူရဲ့ အရိပ်သဏ္ဍန်တွေ အတွေးမှာ ထင်ဟပ်ငြိတွယ်နေ ” တွေ ၊
” လွမ်းတဲ့စိတ်နဲ့ တမ်းတမိတယ် ” ဆိုတဲ့ စာသားတွေနဲ့
အဲဒီ ” မပြောင်းလဲတဲ့အချစ် “
သီချင်းကို အမှတ်ထင်ထင်ဖြစ်နေစရာ အကြောင်းတွေ ရှိနေမိတာကိုး ။ နားထောင်ချင်လို့ ရှာကြည့်မိတဲ့အချိန်တွေမှာ ရှာမတွေ့ခဲ့ဘူး ၊ တွေ့မယ့်တွေ့ပြန်တော့ တွေ့ဖို့မမျှော်လင့်ထားတဲ့အခါမှ အမှတ်မထင်တွေ့လိုက်ရတယ် ။ (အချစ်ဆိုတာလဲ အဲလိုပဲ ၊ ဟင်းး ) တခုပဲ ကိုယ်နားထောင်ချင်တာက မြန်မာသီချင်းပေမင့် ကြားမိတာက အင်္ဂလိပ်မူရင်း သီချင်း ဖြစ်သွားတာပါပဲ ။
စာသားတွေကလဲ ဖမ်းစားနိုင်လွန်းတယ် ။ သီချင်းစစပေါ်တဲ့ အချိန်ကဆို ကျွန်တော်တောင် မမွေးသေးပေမယ့် ခေတ်အဆက်ဆက်က သူ့ထက်သူ အဆိုတော်တွေ မရိုးနိုင် ပြန်ဆိုကြ ဆန်းသစ်ကြနဲ့ ဒီသီချင်းဟာ အခုထက်ထိ ရှင်သန်သစ်လွင်နေပါသေးတယ် ။ ဒီသီချင်းကို မူကွဲမူသစ် ပုံစံအမျိုးမျိုးနဲ့ဆိုကြသမျှ ဒီပုံစံလေးကလည်း ထူးထူးခြားခြား ရင်ခုန်သံမြန်စေပါသေးတယ် ။
ငယ်ငယ်တုန်းကတော့ အဲလက်စ်ဆိုထားတဲ့ မြန်မာဗားရှင်းသီချင်းကို စီဒီထဲထည့်ပြီး ချစ်လွန်းလှ ‘သူ’ ကိုပေးဖူးပါတယ် ။ နားထောင်မိရင်များ ကိုယ့်အပေါ်ထားတဲ့ သူ့ ရဲ့မာကြောခက်ထန်လှတဲ့စိတ်တွေ ပျော်ဆင်းသွားလေမလား လို့ပေါ့လေ ။
အဲဒီခေတ်တုန်းကတော့ စီဒီထဲပဲ သီချင်းထည့်ပြီး နားထောင်စေချင် သူ ကို ပေးရတာပါပဲ ၊ အခုခေတ်မှာဆိုရင်တော့ facebook ပေါ်တင်လိုက်ရုံပဲပေါ့ ။ ကိုယ့်ရဲ့ သိစေချင်သူက တွေ့မိဖို့တော့ လိုပါလိမ့်မယ် ။ အခုခေတ်ကလေးတွေ ကံကောင်းကြပါတယ်လေ။ ရှစေချင်တဲ့သူကို တိတိပပ ခုတ်နိုင်ပါပေတယ် , ဟူးးး …

6 Comments »

  1. ကြင်နာသူရဲ့ အရိပ်သဏ္ဍန်တွေ~~ အတွေးမှာ ထင်ဟပ်ငြိတွယ်နေ~~ ပုံရိပ်ဟောင်း~~ ဒဏ်ရာဟောင်း.. ~~ အာရုံထဲမှာ တရေးရေးမြင်နေ…
    အချစ်ဆုံးလေး အမြဲ သိစေချင်တယ်… အသည်းထဲစွဲတဲ့ ကိုယ့်အချစ်တွေ မပြောင်းလဲဘူး…. အမြဲရင်မှာ အမှတ်ရနေဆဲ ~~~ မေ့မရတဲ့ စိတ်နဲ့ တမ်းတမိ…

    ခမမ ဖဘကိုသုံးပြီး သီချင်းစောင်းဆိုလို့ ရတဲ့ အရွယ်ပဲ ရှိပါသေးတယ်… ခုတ်ပလိုက်ပါတော့….။

    Comment by sdl — September 20, 2010 @ 8:41 pm | Reply

  2. ဟင်း (သက်ပြင်းချ)

    Comment by kom — September 20, 2010 @ 9:50 pm | Reply

  3. ရှစေချင်တဲ့သူကို တိတိပပ ခုတ်နိုင်ပါစေ…

    ပြောသာပြောရတယ်… ကြောက်စရာတော့ ကောင်းသား…
    ဈေးထဲက ဒါးအကြီးကြီးတွေ မျက်စေ့ထဲ မြင်နေမိတယ်…

    Comment by သက်ဝေ — September 20, 2010 @ 10:06 pm | Reply

  4. ဖတ်လို့တော့ တော်တော်ကောင်းတယ်… 😀

    Comment by saturngod — September 21, 2010 @ 1:47 pm | Reply

  5. ကိုယ်လည်း အဲဒီ သီချင်း သိပ်ကြိုက်တယ်။

    ကိုယ် နားထောင်ရင်တော့ ဒီ link

    နားထောင်မိတိုင်း ငယ်ငယ်က အထက်တန်းကျောင်းသူဘဝကို သတိရတယ်။
    ဘာမှန်းမသိတဲ့ တခုခု စိတ်ထဲဝင်လာတတ်တယ်။

    Comment by RITA — September 22, 2010 @ 9:25 pm | Reply

  6. ခပ်မြင့်မြင့်ကို မိန်းကလေးမှတ်နေတာ။
    ခုတော့ မိန်းကလေး မဟုတ်ဘူးပဲ။

    Comment by ညယံ — September 22, 2010 @ 11:05 pm | Reply


RSS feed for comments on this post.

Leave a comment

Create a free website or blog at WordPress.com.