Khet Yint Yint

August 15, 2010

ကိုယ်တိုင်မေး ကိုယ်တိုင်ဖြေ

Filed under: Khet Yint Yint — khetyintyint @ 2:40 pm

မေး ။ ။ ဘလော့နဲ့ ဘလော့ဂါတွေကို ဘယ်လိုတွဲမြင်လဲ
ရုပ်သံစီးရီးဇာတ်လမ်းတွဲတွေလို မြင်မိတယ် ။ ဇာတ်လမ်းတွဲတောင်မှ တချို့ကအပိုင်းနည်းနည်း ၊ တချို့က နှစ်တွေဆက်သွားတဲ့အထိ အပိုင်းတွေများသွားကြတာ ။ season 1 season 2.. အစရှိသဖြင့်ပေါ့ ။ တချို့ဇာတ်လမ်းတွဲတွေက ဖျော်ဖြေရေးသက်သက်ရှိသလို documentary ဆန်ဆန်မျိုးတွေလဲ ရှိတယ် ။ သတင်းတွေကြီးပဲလာနေတဲ့ ချယ်နယ်လ်လိုမျိုးရှိသလို ဒရာမာဆန်ဆန် ရသအမျိုးမျိုးပေးတဲ့ လိုင်းတွေလည်း တွေ့မိတယ် ။ သူ့ပရိတ်သတ်နဲ့သူ ရှိနေကြတာပါပဲ ။ နှစ်သက်ရာလိုင်းတွေယူပြီး အစီအစဉ်တွေစောင့်ကြည့်နေကြတယ် ဆိုပါစို့ ။

မေး ။ ။ ပရိတ်သတ်လို့ ပြောလိုက်တယ်နော် ၊ အဲသလိုပြောနိုင်ပါ့မလား ။ ပရိတ်သတ်ရော တကယ်ရှိပါ့မလား ။
ဘလော့တစ်ခု ဒါမှမဟုတ် အဲဒီ့ဘလော့ရဲ့ ဘလော့ဂါကပေးတဲ့ ရသတစ်မျိုးမျိုး (performance တစ်ခုခုဆိုပါစို့ ) ကို စောင့်ကြည့်ခံစားနေတဲ့ regular တွေကို ခြုံပြီး ပရိတ်သတ်လို့ခေါ်လိုက်တာပါ ။ အငြိမ့်ကြည့် ပရိတ်သတ် ၊ ရေဒီယို ၊ တေးဂီတ ပရိတ်သတ် ၊ ရုပ်မြင်ပရိတ်သတ်တွေနဲ့ တန်းတူ နြူးမီဒီယာတစ်ခုမှာလည်း စောင့်ဖတ်နေကြတဲ့ ပရိတ်သတ်တွေ ရှိတာ အသေအချာပါပဲ ။

မေး ။ ။ ဘလော့တွေမှာရော ရုပ်သံအစီအစဉ် ၊ တီဗွီဇာတ်လမ်းတွဲတွေလိုမျိုး အဆုံးရှိသလား
ရှိတယ် ။ ဘလော့ဆိုတာ ဇာတ်လမ်းတွဲတခုလိုပဲ ။ စပြီး premiere လွှင့်တဲ့ကာလ ၊ လူကြိုက်များလာတဲ့ကာလ ၊ နောက်အပိုင်းတွေဆက်ပါဦး ဆိုပြီး တောင်းဆိုကြတဲ့ကာလ ၊ ဆွဲအဆန့်လွန်ပြီး ဇာတ်မြောကြီးဖြစ်သွားတဲ့ကာလ စသဖြင့် ပိုင်းခြားလို့ရပါလိမ့်မယ် ။ ဇာတ်ရှိန်အတက်ဆုံးချိန်ကြရင် ထုတ်လုပ်သူ (ဒီနေရာမှာ ဘလော့ဂါ)က ပါးပါးနပ်နပ်နဲ့ ဇာတ်သိမ်းပစ်လိုက်မယ်ဆိုရင်တော့ စ လယ် ဆုံး စွဲစွဲလမ်းလမ်းနဲ့ ဇာတ်လမ်းပြီးသွားတာတောင် ပရိတ်သတ်တွေက တသသဖြစ်ရ Fan club တွေဖွဲ့ကြ ၊ spin off ဇာတ်လမ်းဆက်တွေဆက်ထွက်လာရသလိုမျိုး ဘလော့တွေမှာ ဖြစ်နိုင်ပါတယ် ။

မေး ။ ။ ဘလော့တွေဖတ်ရတာ မငြီးငွေ့နိုင်တဲ့ အကြောင်းတစ်ခုက ဘာများလဲ ။
ဘလော့နောက်ကွယ်က ဘလော့ဂါရဲ့နောက်ခံအကြောင်းကို သူ့ဘလော့ကနေတဆင့်သိရတာ ။ ဘလော့ဂါဖွင့်ပြသရွေ့ တစ်ချပ်ချင်း ပွင့်သွားတဲ့ တံခါးတွေလိုပဲ ၊ သူ “ဘာလဲ ဘယ်လဲ” ဖြေးဖြေးချင်းသိလာရတယ် ။ သူချန်ထားတဲ့ သဲလွန်စ ၊ အမှတ်တမဲ့ လွတ်ထွက်လာတဲ့ စကားစ ၊ နောက်ပြီး ဘေးက မလိုသူတွေရဲ့ အမနာပ စကားတင်းဆိုကြတာတွေကနေပါမကျန် တစစီ အစအနကောက်ပြီး ဘလော့ဂါရဲ့ အပြင်ကဘဝကို ဆက်စပ်လို့ရလာတယ် ။ ဇာတ်လမ်းတွဲတစ်ခုလိုပဲ ဇာတ်ကွက်အလှည့်အပြောင်းတွေနဲ့ ဘလော့ဂါက ဘယ်သူဘယ်ဝါလဲဆိုတာ တစ်ကွက်ချင်းစီ ပရိတ်သတ်တွေသိမြင်လာကြတယ် ။ ပြည့်ပြည့်စုံစုံကြီးတော့ ဘယ်ဟုတ်ပါ့မလဲ ။ ရိပ်ဖမ်းသံဖမ်း သူ ဘယ်သူလဲ ခန့်မှန်းဆဝါးရတာပဲ ။ ဘလော့ဖတ်သူချင်း ဆုံမိကြရင် သူသိတာ ကိုယ်သိတာ ဖလှယ်ကြနဲ့ ကိုယ်ဖတ်ဖြစ်နေကြ ဘလော့တွေရဲ့ ဘလော့ဂါတွေကို ပုံဖော်ကြည့်မိကြတယ်

(ဆက်ပါဦးမည်)

9 Comments »

  1. နြူးမီဒီယာ တဲ့.. ထွင်လိုက်တာကွယ်…. ။

    Comment by sdl — August 15, 2010 @ 3:12 pm | Reply

  2. ဟုတ်တယ်….စာတွေဖတ်ပြီး စာရေးသူကို ပုံဖော်ကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းတာအမှန်…။

    Comment by မောင်လေး — August 15, 2010 @ 5:25 pm | Reply

  3.ူlike တယ်။

    Comment by kom — August 15, 2010 @ 6:11 pm | Reply

  4. စောင့်ဖတ်နေပါတယ်

    Comment by ရွာသားလေးဝိုင်တီယူ — August 15, 2010 @ 9:39 pm | Reply

  5. ဒါ အိုင်ဒီယာ အသစ်ပဲ…
    နောက်တပိုင်း ဖတ်ဖို့ စောင့်နေမယ်…း))

    Comment by သက်ဝေ — August 15, 2010 @ 11:21 pm | Reply

  6. မသက်ဝေက နောက်တပိုင်းတဲ့

    Comment by ရွာသားလေးဝိုင်တီယူ — August 16, 2010 @ 12:38 pm | Reply

  7. အားပေးကြလို့ ဝမ်းသာပါတယ် ၊ နောက်အပိုင်း(တွေ)လာပါဦးမည် မဆိုစလောက်ကြာပါဦးမည် 🙂

    Comment by khetyintyint — August 16, 2010 @ 11:17 pm | Reply

  8. နောက်တပိုင်းတောင်းတာ ရစ်မလို့ဟေ့… ရစ်မလို့…
    ဂျင်ကြိုးအကြောင်း သိသလား ကိုရွာသား…း))

    Comment by သက်ဝေ — August 22, 2010 @ 7:04 pm | Reply

  9. ရေးထားတာ သိပ်ကောင်းတယ် … ဒါမျိုးလေးတွေ များများရေးပါလားငင် … စာရေးကောင်းရက်နဲ့ အရေးကျဲတယ်။ နောက်ပိုင်း ကျောင်းပြီး၊ အလုပ်လုပ် အခြေကျသွားရင်တော့ စာတွေများများ ရေးနိုင်မယ်လို့ မျှော်လင့်ပါတယ်.။

    Comment by TTSweet — October 25, 2010 @ 12:15 am | Reply


RSS feed for comments on this post.

Leave a comment

Blog at WordPress.com.