Khet Yint Yint

November 11, 2010

Going 90s Rock

Filed under: Khet Yint Yint — khetyintyint @ 1:23 am

အစိုင်လိုက်အခဲလိုက် တစ်စို့လို့ မျိုချမရဖြစ်နေတဲ့ အခါတွေမှာ ပြောတာတွေကလည်း ဗလုံးဗထွေးနိုင်နေပြန်တယ် ။ ခုရက်ပိုင်းမှာ ၁၉၉၀ ဝန်းကျင်တစ်ဝိုက်က Rock သီချင်းများကို တိမ်းညွတ်လျက်သား ၊ Glam metal ရဲ့ သင်္ကေတအတိုင်းပဲ ဆံပင်ရှည်ရှည်ကို ခါခါရမ်းပြီး သီချင်းတွေ အော်ဟစ် ပေါက်ကွဲပစ်လိုက်ချင်တဲ့ အခါလည်းရှိရဲ့ ။ နင့်နင့်နဲနဲ ပြင်းထန်ခံစားရတဲ့ Rock ဂီတသီချင်းတွေဘက်သို့ ပြန်လည်ဦးညွတ်ခြင်းအတွက် အကြောင်းအချင်းအရာ တိတိပပ ပေးစရာမလို ၊ ထွေးအံစရာစကားလုံးတွေ ပြန်ပြန်မျိုချရနေခြင်းအတွက် အတော်အသင့် သက်သာလိုသက်သာငြား ရင်ဘတ်ထဲ ဒီသီချင်းတွေ မောင်းသွင်းပစ်ကြည့်လိုက်တယ် ။

Cinderella အဖွဲ့ရဲ့ Heartbreak station

မြန်မာမှုပြုလိုက်တော့ ဒီလိုဖြစ်လာတယ် ။

ငါ့ဘူတာရုံလေးလဲ တိတ်ဆိတ်တဲ့ညတွေလို.. အိပ်စက်ဖို့အသင့်ပြေနေ.. ဘာကိုမှ မသိချင်သလို…

ပြတင်းပေါက်က အလင်းလို တံခါးပိတ်တော့ပျောက်ကွယ်ပြီ.. ဆုံးရှုံးသွားတာလည်း ဘူတာအိုလေး မသိနိုင်ပြီ….

သီချင်းအဖွင့်မှာတင် ကိုယ်ဟာ ဘယ်ရထားမှ တကူးတက မရပ်တန့်တဲ့ ဘူတာအိုငယ် အဟောင်းအနွမ်းတစ်ခုသက်သက်အဖြစ်..။ လေးဖြူ က နောက်ဆုံးရထား လေးးး လို့ ဆွဲတငင်ငင် တမ်းတလိုက်တဲ့အခါ တရွေ့ရွေ့ထွက်သွားတဲ့ ကိုယ်မမှီတော့တဲ့ရထားတစ်စင်းကို မှုန်ပြပြအလင်းတွေကြားထဲ မြင်ယောင်နေမိလိုက်တယ် ။

Love hurts

နာမည်နဲ့တင် အစအဆုံးပြောသွားပြီးသား ဘာများ ထပ်ဖြည့်စွက်စရာလိုဦးမလဲ ။ ဒီသီချင်းကို လွန်ခဲ့တဲ့နှစ်ပေါင်း၅၀လောက်ကစပြီး ခုထိကို အဆိုရှင်ပေါင်းစုံ ဂီတအမျိုးစုံ ဆန်းသစ်နေတုန်း ။ ဆိုဟန်မျိုးစုံထဲ Nazareth band ရဲ့ ပုံစံက rock အဆန်ဆုံး ၊ ခံစားချက်ကို အဖွင့်ထုတ်ဆုံး ၊ နာနာကျည်းကျည်းဟန်အပြည့်နဲ့ ။ မောင်သစ်မင်းက “အချစ်ဒဏ်” ဆိုပြီး အပိုအလိုမရှိကွက်တိ အငှားခံစားတာကို လေးဖြူက ဒီလိုဆိုတယ်

အချစ်ဒဏ် အချစ်နာ ရောဂါဆိုးလွန်း.. ငါ့ရဲ့အသည်းအထိမခံ အငြိမခံ အားနည်း..

လုံးဝပွန်းပဲ့လွယ် လုံးဝထိခိုက်လွယ်…

တင်ဇာမော်က နောက်ပုံစံတစ်မျိုးနဲ့ဆိုတာ နားထောင်ရပြန်တော့

ငါ့မှာမသိပါ သို့ပေမယ့်လည်း တချို့အသိဉာဏ်များ ငါ့ကိုမင်းသင်ထားခဲ့.. အများကြီးသိခဲ့ပြီ အများကြီးတတ်ခဲ့ပြီ….

သီချင်းစာသားအကြား ခပ်တိုးတိုးလေး လိုက်ရွတ်မိနေတုန်း ဟုတ်တယ်မှန်တယ် ခေါင်းတဆတ်ဆတ်ငြိမ့်မိလိုက်တော့ ခပ်ရဲ့ရဲ့လေးကျန်နေတဲ့အသဲကပါ ဆတ်ဆတ်ခါ နာသွားတယ် ။ လေးဖြူက ခံစားချက်ကို ဖောက်ခွဲထုတ်ပြီး ကျိတ်မနိုင်ခဲမရဟန်အပြည့်နဲ့ မာမာကျောကျော သီဆိုထားပေမယ့် တင်ဇာမော်ကျပြန်တော့ ကြိတ်မှိတ်နာကြင်ရသမျှ ဒီသီချင်းနဲ့ ဖွင့်ဟမြည်တမ်းလိုက်ရပုံ ။ အသံပါဝါခြင်း ဆိုပုံဆိုပေါက်ခြင်း မတူတဲ့ ဒီအဆိုတော်နှစ်ဦးမှာ မုဒ်ခြင်းယှဉ်ရင် တင်ဇာမော်ရဲ့ မုဒ်ဘက်ကို ရင်ဘတ်ခြင်းပိုနီးစပ်သွားတယ် ။ ကိုယ်ကလည်း အချစ်ပေါ်မှာ ခက်ထန်မာကြောနိုင်တာမှ မဟုတ်ပဲ ။

Aerosmith ရဲ့ Angel

(သို့မဟုတ်) ဇော်ဝင်းထွဋ် ရဲ့ ဂန္ထဝင်စိမ်းဆို ပိုသိကြမလားပဲ ။

သြကာသလောကတခွင်ရဲ့ စိမ်းလန်းတက်ကြွခြင်းတွေကဘာရယ်ကြောင့် ခင်မင်ကျွမ်းဝင်မှုတွေကျဲတောက်သွားတဲ့ စိမ်းကားမှုနဲ့မှ သွားရောက်ပတ်သက်လိုက်သလဲ ။ ရင်းနှီးပတ်သက်လာတာများလာတာလေ အဲဒိထက်ပိုလို့သာ တိုးလို့လိုချင်လာလေ ဖြစ်လာလေမို့ တစ်ခါတစ်လေများ ပုံမှန်ရရှိနေကြ အကြင်နာတွေတောင် နည်းပါးသွားသယောင်ယောင် သက်ဝင်ယုံကြည်လာမိတယ် ။ အနည်းအများဆိုတာလည်း ဘာနဲ့တိုင်းတာလို့ရမှန်း ဒီကကောင် ဂဃနဏ သိမှမသိတာ ။ ပြောချင်စရာစကားတွေရှိလည်း ထွက်ရမယ့်အသံပျောက်နေလေတော့ ရရှိနေတာကိုသာ အကောင်းဆုံးလို့မှတ်ပြီး ရင်ဘတ်ကြီးထဲ အတင်းထိုးထည့် ကြိတ်မှိတ်ဖြေသိမ့်လိုက်ရုံသာ တတ်နိုင်တော့တယ် ။

October 13, 2010

Ancient Bagan in Last Airbender ?

Filed under: Khet Yint Yint — khetyintyint @ 1:10 pm
ပေါက္ကံရာမ

မနေ့တနေ့က ဟောလိဝုဒ်ရဲ့ The Last Airbender  ရုပ်ရှင်ကို ကြည့်ဖြစ်တယ် ။ နာမည်ကြီး ကလေးကာတွန်းဇာတ်လမ်းတွဲကို ရုပ်ရှင်ပြန်ပြောင်းထားတဲ့ ဒီကားမှာ အဓိက သရုပ်ဆောင်တွေကလည်း ကလေးတွေပဲ ဖြစ်ပြီး ကလေးပရိတ်သတ်ကို အဓိကရည်ရွယ်ရိုက်ထားပြီးတော့ ဒီကလေးကားကို ကလေးမဟုတ်တော့တဲ့ ကျွန်တော်က သဘောတကျ ကြည့်ပါတယ် ။ လောကရဲ့ Drama တွေကြားမှာ မျောနေတာကနေ တခါတခါ ဒီလို စိတ်ကူးယဉ်ဆန်ဆန် ဖန်တီးထားတဲ့ ကမ္ဘာသစ်တစ်ခုကို ဘေးကနေ ရပ်ကြည့်မော ပြီး အရသာခံပါတယ် ။ စိတ်ကူးဆန်ဆန်ဖန်တီးထားတဲ့ ဒီဇာတ်လမ်းမှာတောင် အပြင်က အစုအဖွဲ့တွေ ထုထည်တွေကို  ထည့်သွင်းထားတာ တွေ့ရပါဦးမယ် ။ အပေါ်က ပုံကတော့ ဇာတ်ဝင်ခန်းတစ်ခုမှာ တွေ့ရတဲ့ (Fire Nation) မီးနိုင်ငံတော်ရဲ့ ရှုမျှော်ခင်းတစ်ကွက်ပါ ။ လေ  ရေ  မြေ  မီး ဓာတ်ကြီးလေးပါး အသီးသီးနဲ့ သက်ဆိုင်ရာ နိုင်ငံလေးနိုင်ငံကြားက အားပြိုင်မှုတွေကို ရိုက်ပြထားတဲ့ ဒီကားမှာ အိန္ဒိယမျိုးနွယ်သားတွေက မီးနိုင်ငံတော်သားတွေ အဖြစ် ပုံဖော်ထားပြီး သူတို့ နိုင်ငံကတော့ ရှေးပေါက္ကံရာမ (ပုဂံပြည်) လို့ ယူဆနိုင်ပါတယ် ။ နောက်ခံရှုခင်းအရတော့ ရှေးပုဂံပြည်လို့ ယူဆနိုင်တဲ့ ပုဂံရဲ့ နာမည်ကျော် စေတီ ပုထိုးတွေကို ထည့်သွင်းရိုက်ပြထားတာ မြင်နိုင်ပါလိမ့်မယ် ။ တစ်ချို့ကတော့ ဒီရုပ်ရှင်ကားထက် မူရင်း ကာတွန်းဇာတ်လမ်းတွဲကို ပိုသဘောကျတယ်ပြောပါတယ် ။  ရုပ်ရှင်ကို ၃ပိုင်းရိုက်မယ်လို့ မှန်းထားတဲ့အတွက် နောက်ထပ် ၂တွဲထွက်လာဖို့ရှိပါသေးတယ် ။ ဒါပေမယ့်လည်း ရုပ်ရှင်ကို အကြီးအကျယ် ပရိုမိုးရှင်းတွေလုပ်ထားပေမယ့် ကြည့်မိတော့လဲ ထင်သလောက် မကောင်းသလိုပါပဲ ။ အင်းလေ .. ကလေးတွေ ဝု ဝှစ် လုပ်ပြီး ရေတွေ လေတွေကို ကန်ပြကွေးပြတာကို ဒီထက်လဲ ပိုကြိုက်လို့ရပါ့မလဲ ။ ကိုယ်မှ ကလေးမဟုတ်တော့ပဲ .. ဟင်းး

(ပုဂံပြည်ရှုခင်းတွေပါကြောင်း review ရေးထားတဲ့ MMCP forum က မန်ဘာတစ်ဦးကို ကျေးဇူး)

October 9, 2010

Sniffing a foul smell

Filed under: Khet Yint Yint — khetyintyint @ 2:10 am

တစ်နေ့တုန်းကဖြစ်သည် ။

ထိုနေ့က မိုးမရွာပါ ။ မိုးမရွာသဖြင့် ထုံးစံအတိုင်း သွေ့ခြောက်ခြောက် ထုံပိုင်းပိုင်း ။ ဆိုတော့ကာ ပူစပ်ပူလောင်နိုင်လှသည့် ညနေခင်းတစ်ခု ။ ညနေကသူ့အတိုင်းနေပေမယ့် သူကတော့ အလောသုံးဆယ် ။ လမ်းတစ်ဖက်ကူးဖို့ စိတ်မရှည်စွာ ။ သူ့ဘေးမှာလည်း သူ့နည်းတူများ…ဖြတ်ကနဲပြောင်းမယ့် အရောင်တစ်ရောင်ကို ကြည့်နေကြ ။ လူတွေလမ်းကူးဖို့ ကားတွေရပ်တယ်…ကူးနေတုန်းပဲ မီးရောင်ဖြတ်ဖြတ် လတ်လတ်တောက်တယ် ။ ဟိုဘက်ကနေကူးသူအတွက် ဒီဘက်ကိုရောက်ပြီ ။ သူတစ်ယောက်ထဲပဲ နှာခေါင်းရှုံ့မိသလား ၊ အမြန်လျှောက်လျှောက်ပြီး လွတ်ရာကင်းရာ လှမ်းမိနေသလား ။ ဒီအနံ့ကို သူမခံစားနိုင် ၊ မစုံမက်တတ်တော့ ။ ဟင်းကနဲ အသံသာ မမြည်ရှိမည် ။ ဒီအနံ့ကို ဒီအနားမှာရတိုင်း စိတ်ထဲမတော့ မသက်မသာ ဖြစ်မြဲ ။ ညှော်တယ် ညှော်လွန်းတယ် ။ သူ အနီးစပ်ဆုံး အမျိုးအမည်ခွဲတတ်တာကလည်း ဒါပဲ ဖြစ်သည် ။ ညှော်တဲ့အနံ့လား ညှော်နေတာထက် ပိုဆိုးသလား ။ တော်လောက်ပါပြီ…သူမနှစ်မြို့တော့တဲ့ အနံ့ရယ် ၊ ဖြတ်လျှောက်သွားရင် လူကိုစွဲကပ်တတ်တဲ့ ဆီကြော်ရဲ့အပူရှိန်ရယ်…ဘာမှန်းသေချာအောင် မခွဲခြမ်းတော့ပါ ။ ဘေးနားက 7/11 ဆိုင်..နောက်တဖက်က AirAsia…ဘယ်လိုများနေမလဲ ။ သူသည် အလွန်သန့်ပြန့်နေတတ်တဲ့သူတော့ မဟုတ် ။သူလိုငါလိုတွေထဲ အသန့်လွန်ပြီး ထင်းနေမည့်သူလည်း ဘယ်တော့မှဖြစ်မလာနိုင်တော့မှန်း သိပြီးသား ။ သို့သော် ရေမိုးချိုးပြီးစ ခန္ဓာကိုယ်ကိုမူ လျှော်ပြီးသား အဝတ်တစ်စလို အပေအရေ မခံချင်သူ ဖြစ်သည် ။ တစ်နာရီခံခံ…နှစ်နာရီခံခံ…တစ်ရှုးအသစ်တစ်ရွက်လို ခပ်သန့်သန့်နေချင်သည်…နောက်မှ နှပ်တရှုံ့ရှုံ့ဖြစ်ချင်ဖြစ်နေတာက တစ်ပိုင်းဖြစ်သည် ။ ကြည်လင်နေသော စက္ကဖြူတစ်ရွက်လို သူ့ကိုယ်သူ သတ်မှတ်ထားသော ခန္ဓာသည် ထိုနေရာကို ဖြတ်သွားရသောအခါ ဆီအစိမ်ခံလိုက်ရသော တစ်ရှုးစလို ရွဲသွားသည် ၊ နွမ်းဖတ်ဖတ်ကြီးဖြစ်သွားတဲ့ ဆီစိမ်စက္ကူစအလား ။ မတတ်နိုင်…တကူးတကဖြစ်စေ ၊ လမ်းကြုံနေ၍ဖြစ်စေ ထိုအရပ်ရောက်အောင်သွားလိုလျှင် ထိုနေရာအနားကိုတော့ မလွှဲမရှောင်သာ ။ စောကြောကြည့်ဖို့တော့ ကောင်းလှသည် ။ ဘာကြောင့် ဘာလို့ ဘာကိစ္စ ။ အဖြေက အိုးချန်ကီး … နေရာက စီးတီဟော ပန်နဇူလာ ပလာဇာ … စားဖွယ်စုံ သရေစာအမျိုးမျိုးရောင်းချသည့် ဒီလိုဆိုင်များထဲတွင်မှ ဒီတစ်ဆိုင် ဒီနေရာတွင်မှ ဘောက်မယ့်ကြောင့် တမူထူးစွာ ညှော်ရသနည်း ။ လေဝင်လေထွက်မကောင်း၍လား ၊ အသုံးပြုထားသည့် ဆီအနံ့ကိုပဲ အပြစ်ပြောရမလား ၊ လုံလောက်သည့် နေရာအကျယ်အဝန်းမရှိခြင်းလား ။ ထိုဆိုင်နားတဝိုက်မတော့ အနံ့တစ်မျိုး ၊ တငြီးငြီးဟပ်နေသည့် အပူရှိန်တို့က အုပ်ထားခြုံထားလို့ ကောင်းလျက် ။

တစ်နေ့တုန်းကဖြစ်သည် ။

October 3, 2010

C for Cover

Filed under: Khet Yint Yint — khetyintyint @ 4:25 pm

သမိုင်းပေးတာဝန်တစ်ရပ်အလား C series ထဲမှာ တတပ်တအား ပါဝင်အားဖြည့်ဖို့ ကိုယ့်ကိုယ်ကို ခံယူလိုက်ပါတယ် ။ အခြားသူများ မသိနိုင်အောင် ဖုံးကွယ်ထားတဲ့ ၊ လွှမ်းခြုံထားတဲ့ ကာဗာ .. မျိုးတွေလည်းရှိသလို ဒီနေရာမှာပြောမယ့် ကာဗာကတော့ သူ့ခေတ်နဲ့သူ နာမည်ရှိခဲ့တဲ့ သီချင်းတွေကို  ရသတစ်မျိုး ဆိုဟန်တစ်မျိုးနဲ့ မူဟန်အသွယ်သွယ် ပြန်လည်သီဆိုတာကို ရည်ညွန်းပါတယ် ။  သူ့ဟာသူကောင်းပြီးသား အောင်မြင်ပြီးသားသီချင်းများလည်း ပုံစံအသစ် ၊ အရသာအသစ်နဲ့ ဆန်းသစ်ထားတာ နားထောင်ရပြန်တော့ တမူကွဲတဲ့ စိတ်အာဟာရ ဖြစ်စေပြန်ပါရော ။ ကြည်လင်နေတဲ့အချိန်မှာ  ငြိမ့်ငြောင်းတဲ့ သံစဉ်တွေက လိုက်ဖက်ညီစေသလိုပဲ ဗလောင်ဆူတတ်တဲ့အခိုက်အတန့်ကြပြန်တော့ ကမူးရှုးထိုး ဂီတတစ်မျိုးနဲ့မှ နှစ်သိမ့်ပေးနိုင်စေလိမ့်မယ် ။ ဒီအကြောင်းအခြင်းအရာ ၊ ဒီစာသား ၊ ဒီဖွင့်ဟမှုကိုပဲ မတူခြားနားတဲ့ ဂီတပုံစံတွေနဲ့ ဖော်ကျူးလိုက်ပြန်တော့ ကြားနာသူမှာ ခံစားချက်တွေ ပွက်ပွက်ဆူမိအောင်ထိ ဖြစ်လာတယ် ။ ဂီတပုံစံအမျိုးစုံလှတဲ့ ကျော်ကြားပြီးသား သီချင်းတွေကို မီးကျွမ်းနေတဲ့သစ်စ* တွေရဲ့ ဖန်တီးမှု ၊ ပွင့်အံမှုတွေက နားထောင်သူတွေရဲ့ စိတ်အစဉ်တွေကို လောင်မီးတိုက်ပစ်လိုက်တယ် ။ စိတ်မှာလောင်စာရှိနေမှတော့ မူလသီချင်းပုံစံကို မေ့သွားလောက်အောင်ကို ဂီတသစ်မှာ ဟုန်းဟုန်းတောက်ပြာကျသွားမိရော ။  ဒီရက်ပိုင်းတွေမှာတော့ ရှေးက သီချင်းဟောင်းတွေကို Punk band တွေပြန်ဆိုထားတဲ့ ပုံစံသစ်ဂီတတွေနဲ့ပဲ အဆက်အဟပ်တည့်နေပါတယ်  ။ သို့ပေမယ့် ဒီစာကိုရေးမိတဲ့ အခုအချိန်နဲ့ဆိုရင်တော့ အာရုံကျတဲ့ဒီဂရီက အနည်းငယ် ဟသွားပါပြီ ။ Cover ရဲ့ အဓိပ္ပါယ်တစ်ခုဖြစ်တဲ့ ဖုံးထားခြင်း ကာထားခြင်းအတိုင်းပဲ ထွေးနေတဲ့အာရုံတွေက ငြိမ့်ငြိမ့်ညောင်းသီချင်းတွေကို ဆူပွက်စေတဲ့ Cover songs တွေနဲ့ပဲ လိုက်ရောညီထွေ အုပ်ထားခြုံထားနိုင်လိမ့်မယ် ထင်ပါတယ် ။ ယူကျူ့လိုမျိုး ဂူဂယ်လိုမျိုးမှာ punk cover songs ဆိုပြီး ရှာကြည့်မယ်ဆိုရင် တွေ့နိုင် နားဆင်နိုင် ခံစားနိုင်ပါလိမ့်မယ် ၊ ဗီဒီယိုလိုမျိုး အလုံးလိုက်အရင်းလိုက်ကြီး မတင်မိပေမယ့် ဒီလို လင့် http://www.youtube.com/watch?v=Tw8Mr8ZWJ-Y လေးလောက်တော့ ချရေးမိတာ အပြစ်မဖြစ် အပြောလွတ်မယ် ထင်ပါရဲ့ 😀 ။

မီးကျွမ်းနေတဲ့သစ်စ* = punk ၏ အဓိပ္ပါယ်တစ်မျိုး

September 20, 2010

Reasons

Filed under: Khet Yint Yint — khetyintyint @ 8:31 pm

< ချစ်ခင်ရပါသော အမ(ကြီး)တစ်ယောက်မှ ပျောက်နေရတာ ဘာတွေလုပ်နေသလဲ မေးလာသဖြင့် မေလ်းနှင့်ပြန်ဖြေကြားခြင်း၏ အဆက် >

ပျောက်နေရတာကတော့ .. ဒီရက်ပိုင်းတွေမှာ မှိုင်းပြာမှုံရီဝေ နေတာနဲ့ အာရုံတွေလက်ခံနိုင်တာထက် ပိုပြီးထွေပြားနေလို့ပါပဲ အမ ။ လှည့်နေကြဘက်တွေ မလှည့်နိုင်ဖြစ်နေတယ် ဆိုပါတော့လေ။ အချိန်လေးရတာနဲ့ ဘလော့တွေတော့ အမြန်လာလာဖတ်ဖြစ်နေတုန်းပါပဲ ။ အားရပါးရသာ သေချာမဖတ်နိုင် ကွန်မန့်မရေးနိုင်အား ဖြစ်နေတယ် ။ ကိုယ်တစ်ယောက်ထဲမအားမလပ် အလုပ်တွေများနေသယောင် ဆိုရပြန်တော့ စင်္ကာပူက တခြားသူတွေကို အားနာမိတယ် ။ ကစားတဲ့အချိန်ကစား ၊ စာလုပ်တဲ့အချိန်ဆော့ ဆိုသလို သူ့အချိန်နဲ့ ၊ သူ့အကန့်နဲ့သူ အရင်ကလောက် မကန့်နိုင်အောင် အာရုံများနေမိတယ်ဆို ပိုမှန်ပါလိမ့်မယ် အမ ။

<ဆက်ရေးမိသည်>

အချိန်မရှိဘူးဆိုပေမယ့် ဒီ ဗီဒီယိုကလစ် ကိုတော့ အချိန်နဲ့တပြေးညီ ယူကျူ့မှာ တင်လိုက်နိုင်ပါသေးတယ် ။ ဘယ်လိုဘယ်ပုံ ဒီကလစ်ကို ရလာတယ်လို့တော့ မမေးပါနဲ့တော့ အမ ။
ဘေးနားက ခိုးခိုးနမ်းနေရတဲ့သူကို ခဏတဖြုတ်ဆိုသလို မတွေ့ဖြစ်ပြန်တော့ ရယ်ခြင်းပြုံးခြင်း မရှိလိုက်တာ ၃၊၄ရက်တောင် ကြာသွားတယ် ။ အစက မရှိပေမယ့် စမိသွားရင်တော့ ရပ်ထား၊ ပစ်ထား၊ ဖျက်ထားဖို့ မရနိုင်ပြန်တော့ အစရှိအနောင်နောင် ဆိုတဲ့အထဲမှာ ဒါမျိုးလဲပါကြောင်း နှုတ်ခမ်းထောင့်လေး တွန့်လို့ ပြုံးတုံးတုံးနဲ့ ရေရွတ်မိပြန်တယ် ။ ချစ်တတ်သွားပြန်တော့ ချစ်လို့နေမြဲ နေချင်တော့သပေါ့ ။ တစ်ယောက်ထဲပဲနေသွားမယ် ပြောထားတာဟာ တစ်ယောက်ထဲဖြစ်နေသရွေ့အထိပဲ မှန်ပြီး တစ်ယောက်ထဲမဟုတ်တော့ရင် တစ်ယောက်ထဲကို မနေတတ်တော့လို့ အဲဒီ့  တစ်ယောက်ကိုဖျတ်ဖျတ်လူး ရှာနေမိတော့တာ တစ်ယောက်မဟုတ် တစ်ယောက်တွေ့တဲ့အထိပါပဲ ။ လုံးလုံးမတွေ့ဘူးဆိုမှတော့ တစ်ယောက်ထဲပဲ ပြန်နေသွားရတော့မှာပေါ့လေ ။ အပြောကြီးခဲ့ပေမယ့် ဟိတ်တလုံးဟန်တလုံး အပြောကြီးတဲ့သူဟာ နဖူးတွေ့ဒူးတွေ့ကျတော့ “အော်” လို့တောင် အသံမထွက်နိုင်သူ ကိုယ်ကိုယ်တိုင်ပါပဲ ဖြစ်သွားပါတော့တယ် ။ ကိုယ်တိုင်မကြုံဖူးသေးတဲ့ အချစ်ကို  စာကိုးစကားကိုးနဲ့ ဖွင့်ဆိုနေခဲ့လိုက်တာ ဝုန်းကနဲတွေ့လိုက်ရချိန်ကြတော့ လက်တွေ့မညီ စာနဲ့ညှိ လုပ်ချိန်မရလိုက်ပြန်ဘူး ။ ခက်တယ် ခက်တယ် ရီလေးရှင်းရှစ်တစ်ခု တည်မြဲဖို့ဆိုတာ အတော်ခက်တယ် လို့ မြည်တမ်းရင်းနဲ့ပဲ အိုးနဲ့ခွက် စုံနင်းလို့  မီးစင်ကြည့်က ပစ်လိုက်ရတော့တယ် ။ ချစ်ခင်မြတ်နိုးလှပါသော မေ ဆိုတာဟာ အချိန်တစ်ခုထိဖြစ်ပြီး ခိုင်မြဲတွယ်တာနှောင်ဖွဲ့ရပါသော မောင် ဆိုတာ အဲဒီအချိန်တစ်ခုကျော်သွားမှစကြောင်း ရေးတေးတေး သဘောပေါက်သလိုလို ရှိလာပါတယ် ။ချည်တော့ချည်ကြတာပဲလေ ။ လွတ်မှာစိုးလို့ မရမက ချည်နေသူဟာ အမှတ်တစ်ခုကျော်သွားရင် လွတ်ထွက်မရအောင် အချည်ခံသူလဲ ဖြစ်သွားတတ်သေးတယ်လို့ ကျူရှင်မှာ မသင်ခဲ့ရဘူး ။ ပီးယားတူပီးယား  (peer-to-peer) အချင်းချင်းတွေ့မှ မေးမြန်းကြည့်ရပါဦးမယ် ။
အမှန်ကတော့ အောက်ကစာစုလေးကို ချစ်ဆိပ်တလူလူတက်နေချိန်မှာ တင်ပစ်လိုက်ဖို့ရည်ရွယ်ထားသော်လည်း ချစ်မီးတောက်ကြောင့်ကို ဖျတ်ဖျတ်လူးနေရတာနဲ့ ဒီစာအရင်တင်တဲ့စခန်းမရောက်လိုက်ဘူး ။ ဘာပဲဖြစ်ဖြစ် အကြမ်းရေးထားတာကို ကူးလိုက်ပါတယ် ။ ခုချိန်မှာတော့ ချစ်မီးကြောင့် တမြေ့မြေ့ လောင်ကျွမ်းနေရပြီပေါ့.. အစ်အစ်..
ရှေ့မှီနောက်မှီတွေက သိပါလိမ့်မယ် ။ ဒီသီချင်းကို မှတ်စုစာအုပ်မှာ ကူးရေးဖူးတာမျိုးလဲ ရှိချင်ရှိခဲ့လိမ့်မပေါ့ ။ ရှေ့ကြီးပဲမှီတဲ့သူတွေက တစ်ခေတ်တုန်းက တူးတူး ဆိုခဲ့ဖူးတာပဲ မှတ်မိမယ်ထင်ရသလို နောက်ပဲမှီတဲ့သူတွေကြပြန်တော့ အဲလက်စ် ပြန်ဆိုဖူးတာပဲ ကြားဖူးမယ် ထင်ပါတယ် ။ ရှေ့ခေတ်ကိုလွတ်သွားတဲ့ ကျွန်တော်ကတော့ အဲလက်စ်က တူးတူး ဂီတသက်တမ်း ၁၅နှစ်ပြည့် Live Show အခွေမှာ ဆိုတာပဲကြားဖူးပါတယ် ။
” တကယ်လို့သာ ချစ်သူနဲ့သာ မဆုံစည်းရရင် ” နဲ့အစချီပြီး
” ကြင်နာသူရဲ့ အရိပ်သဏ္ဍန်တွေ အတွေးမှာ ထင်ဟပ်ငြိတွယ်နေ ” တွေ ၊
” လွမ်းတဲ့စိတ်နဲ့ တမ်းတမိတယ် ” ဆိုတဲ့ စာသားတွေနဲ့
အဲဒီ ” မပြောင်းလဲတဲ့အချစ် “
သီချင်းကို အမှတ်ထင်ထင်ဖြစ်နေစရာ အကြောင်းတွေ ရှိနေမိတာကိုး ။ နားထောင်ချင်လို့ ရှာကြည့်မိတဲ့အချိန်တွေမှာ ရှာမတွေ့ခဲ့ဘူး ၊ တွေ့မယ့်တွေ့ပြန်တော့ တွေ့ဖို့မမျှော်လင့်ထားတဲ့အခါမှ အမှတ်မထင်တွေ့လိုက်ရတယ် ။ (အချစ်ဆိုတာလဲ အဲလိုပဲ ၊ ဟင်းး ) တခုပဲ ကိုယ်နားထောင်ချင်တာက မြန်မာသီချင်းပေမင့် ကြားမိတာက အင်္ဂလိပ်မူရင်း သီချင်း ဖြစ်သွားတာပါပဲ ။
စာသားတွေကလဲ ဖမ်းစားနိုင်လွန်းတယ် ။ သီချင်းစစပေါ်တဲ့ အချိန်ကဆို ကျွန်တော်တောင် မမွေးသေးပေမယ့် ခေတ်အဆက်ဆက်က သူ့ထက်သူ အဆိုတော်တွေ မရိုးနိုင် ပြန်ဆိုကြ ဆန်းသစ်ကြနဲ့ ဒီသီချင်းဟာ အခုထက်ထိ ရှင်သန်သစ်လွင်နေပါသေးတယ် ။ ဒီသီချင်းကို မူကွဲမူသစ် ပုံစံအမျိုးမျိုးနဲ့ဆိုကြသမျှ ဒီပုံစံလေးကလည်း ထူးထူးခြားခြား ရင်ခုန်သံမြန်စေပါသေးတယ် ။
ငယ်ငယ်တုန်းကတော့ အဲလက်စ်ဆိုထားတဲ့ မြန်မာဗားရှင်းသီချင်းကို စီဒီထဲထည့်ပြီး ချစ်လွန်းလှ ‘သူ’ ကိုပေးဖူးပါတယ် ။ နားထောင်မိရင်များ ကိုယ့်အပေါ်ထားတဲ့ သူ့ ရဲ့မာကြောခက်ထန်လှတဲ့စိတ်တွေ ပျော်ဆင်းသွားလေမလား လို့ပေါ့လေ ။
အဲဒီခေတ်တုန်းကတော့ စီဒီထဲပဲ သီချင်းထည့်ပြီး နားထောင်စေချင် သူ ကို ပေးရတာပါပဲ ၊ အခုခေတ်မှာဆိုရင်တော့ facebook ပေါ်တင်လိုက်ရုံပဲပေါ့ ။ ကိုယ့်ရဲ့ သိစေချင်သူက တွေ့မိဖို့တော့ လိုပါလိမ့်မယ် ။ အခုခေတ်ကလေးတွေ ကံကောင်းကြပါတယ်လေ။ ရှစေချင်တဲ့သူကို တိတိပပ ခုတ်နိုင်ပါပေတယ် , ဟူးးး …
Next Page »

Blog at WordPress.com.