Khet Yint Yint

April 6, 2011

စိတ်ညောင်းခြင်း

Filed under: Part of me — khetyintyint @ 1:35 am
  • အရင်က သူ ကမ္ဘာကြီးမှာ ဖြစ်ပျက်နေသမျှ အကုန်သိချင်သည် ဖြစ်ရပ်တော်တော်များများကို သိလိုက် မြင်လိုက် ကြားလိုက်ရမှ…
  • အရင်က သူ့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေသမျှ အကုန်သိချင်သည် ဖြစ်ရပ်တော်တော်များများကို အကြားဖြင့်ဖြစ်စေ အမြင်နဲ့ဖြစ်စေ သိလိုက် ပတ်သတ်လိုက်ရမှ…
  • အရင်က သူ အွန်လိုင်းလောကမှာ ဝင်ဆံ့ချင်သည် ချိတ်ဆက်ထားသော ကွန်ယက်အသီးသီးမှာ လှုပ်ရှားလိုက်ရ စကားဟလိုက်ရ ဝေဖန်ချက်ပေးလိုက်ရမှ…

သူတတ်နိုင်သော ပေးနိုင်သော အချိန်၊ အခြေအနေအတွင်း အရေးအရာမှန်သမျှထဲ ဝင်ပါချင်သည် ဝင်စီးမြောချင်သည် အရင်က သူ့ထက်ပို၍ကြီးကျယ်သော ဖြစ်ရပ်တွေအသီးသီးမှာ ပါဝင်ပတ်သတ်လေ့ရှိသည် ။ အနည်းဆုံး ဘေးကနေ ရပ်ကြည့် တွေး ငေး … ဖြစ်ရပ်များနဲ့အတူ အချိန်များပါ စီးဆင်းသွားကြမှန်း သူ သတိမထားမိ ။ သိနေ ကြည့်နေ မြင်နေ ကြားနေ ရတာကိုက သူ့အတွက် ကျေနပ်စရာ ။ မည်သည့်ကိစ္စပဲ ဖြစ်ဖြစ် သူ အရင် သိလိုက်ရမှ အရင် ကြည့်လိုက်ရမှ နောက်ပြီး ထိုဖြစ်ရပ်များကို အရင် တဖန်ပြန်လည် ဖြန့်ဖြူး ဝေမျှလိုက်ရမှ…

သူသည် အဦးဆုံး အထူးဆုံး ဖြစ်ခြင်းကို နှစ်သက်သူ ။ သူ ကြုံတွေ့ရသမျှ အရေးအကြောင်းများ ကိစ္စများ သူ့စိတ်ထဲ ဖြတ်သန်းစီးဆင်းသွားမြဲ… သို့သော် ထိုအရာများဆီမှ ကောင်းခြင်းဆိုးခြင်း ခွဲခြမ်းစိတ်ဖြာရမည့် ရေစစ်လို စိတ်တထပ် သူ့ဆီမှာ မရှိတတ် ။

  • အတားအဆီးမရှိ သူ ဖတ်သည် ။
  • အကြားအလပ်မကျန် သူ နားထောင်သည် ။
  • အကန့်အသတ်မရှိ သူ ကြည့်သည် ။

ကြာလာသည်နှင့်အမျှ သူ့စိတ်တွင် အနည်ထိုင်ကျန်လာခဲ့သည်မှာ သင်ခန်းစာ အဆီအနှစ်များမဟုတ်ကြပဲ သူနှင့်ပတ်သတ်ရာ လောကတခုလုံး၏ ကောင်းဆိုးနှစ်လီလုံး ရောပြွန်းနေသည့် အဖြစ်အပျက် ညစ်ထပ်ထပ်များသာ ဖြစ်လာသည် ။

  • သူ သတင်းများဖတ်သည်…
  • ဖြစ်ရပ်များကြား ဝင်ပါသည်…
  • ခပ်ဝေးဝေးကနေ ဖြတ်သွားသော အဖြစ်များကိုလည်း လှမ်းကြည့်သည်…
  • သူ ဆက်သွယ်သည်…
  • သူ့အသံ အများကြားစေချင်သည်…
  • သူ ဝေဖန်သည် သူ မှတ်ချက်ရေးသည်…
  • သူ လူချစ်လူခင်များချင်သည်…

ကြိုးစားသည်ဆိုသော အဓိပ္ပါယ်ဖွင့်ချက်အောက်တွင် မည်သူက မည်သည့်ရှု့ထောင့်မှ ဖွင့်ဖွင့် သူ ကြိုးစားသည်ဆိုသော သတ်မှတ်ချက်အောက်တွင် မရှိ… သို့သော်

  • သူ နေရာတနေရာတော့ ရောက်ချင်သည်…
  • သူ ကွန်ယက်ဖွဲ့သည် ကွန်ယက်ထဲပါသည်…

အဖွဲ့တခုခုတွင် ပါဝင်နေရသည်ဆိုသော အသိက သူ့စိတ်ကို အရေးတခုခုနှင့် ပတ်သတ်နေရသည် ဆိုသည့် ခံစားမှု ပေးသည် ။

  • သူ မိတ်ဆွေများ ဖွဲ့သည်… သို့သော် ကိုယ်ရင့်နဒူ မပေါင်းဖြစ်… သူ့အနေနှင့် သိရုံသိရခြင်းနှင့်ပင် လုံလောက်သည်ဟု ကိုယ့်ကိုယ်ကို သတ်မှတ်ထားသည်…
  • သူ အရေးအရာများစွာကို နှံ့စပ်သိမြင်ချင်သည်… သို့ပင်လျက် ထဲထဲဝင်ဝင် မလေ့လာဖြစ်…

အများတို့ ချက်ကြလက်ကျ အပ်ထိမတ်ထိ ပိုင်နိုင်စွာ ပြောဆိုကြသောအခါ သူ နှုတ်ဆွံ့မြဲ… ပါးစပ်အဟောင်းသားဖြစ်ရသည်အထိ ဟုပြောထွက်ဖို့မှု သူ့အတ္တကခွင့်မပြု…

  • သူ နေရာယူချင်သည် သို့ပင်လျက်နှင့် သူ့မှာ ဘေးက ရပ် ကြည့် ငေး သူတယောက်သာ ဖြစ်ဆဲ…

ထိုအခါ သူ့စိတ်ထောင့်ကွယ်မှ အမည်မဖော်ချင်သော စိတ်တခု လှုပ် လွန့် လူး လာသည်.. နောင်တဟု ပြောရလောက်အောင် သူ့အတ္တက ခွင့်မပြု…

  • အများသူငါတွေလို သူလည်း အတည်တကျ စိတ်နှစ်ခုဖလှယ်ရမည့်သူ ရရှိချင်လာသည်… သို့ပင်စင်လျက် သူ့မှာလူသိရှင်ကြား မဖွင့်ဟဖြစ်… မရေးထားသော တရားဓမ္မများနှင့် မချည်ထားသော ကြိုးများက တုပ်နှောင်ထားသောကြောင့် ဖြစ်သည်… စောင့်ထိန်းခြင်းလို့  ပြောရလောက်အောင် မရိုးရှင်းလှ… ။

ကြာလာတော့ သူ စိတ်တွေနောက်ကျိလာသည်…

  • အစက နှံ့စပ်စေလို၍ သိချင်သော သတင်းများက စိတ်အစဉ်ကို ကိုင်လှုပ်လာသည်… သူဘာမှမတတ်နိုင်သော ဖြစ်စဉ်များကြား စိတ်ကို ဖြေသာရာ ရဖို့ထက် ပိုလေးလံလာစေသည်  ။

ကြာလာတော့ သူ စိတ်တွေ ဗလောင်ဆူလာသည်…

  • အစက စိတ်အာဟာရအဖြစ် လက်ခံသော သုတရသများက လိုသည်ထက်ပို၍ စိတ်အစဉ်ထဲ ဝင်နေရာယူလာသည်… သူစုပ်ယူနိုင်သည်ထက် ပိုလျှံသော စိတ်အာဟာရများက သူ့ကိုယ်ပိုင် အတွေးအခေါ်များ ဖန်တီးမှုများကို ချို့တဲ့စေလာသည် ။

ကြာလာတော့ သူ ဆောက်တည်ရာမရ ဖြစ်လာသည်…

  • အစက သူများနောက်မကျန်ခဲ့စေလိုသော စိတ်ဖြင့် လောကကြီး၌ ဖြစ်သမျှ အရာရာ အမှီလိုက်လိုသောစိတ်က ကြောင့်ကြမှုကြောင့် သောကသာ ဖြစ်လာစေသည်…

ကြာလာတော့ သူ သည်းမခံနိုင်ဖြစ်လာသည်…

  • အစက အပေါင်းအသင်းများနှင့်ပြန်လည်ဆက်သွယ်ရန် ပေါင်းကူးထားသော ကွန်ယက်က တခါတခါ မထင်မှတ်သောထောင့်က ဝေဒနာ၊  စိတ်ပူပင်မှု နှင့် မချင့်မရဲဖြစ်မှုတို့ကို အလှည့်ကျဆီ ပေးတတ်လာသည် ။

ကြာလာတော့ သူ၏ကိုယ်ပိုင်ရပ်တည်မှုကိုပင် သံသယဖြစ်လာသည်…

ကိုယ်ထင်တာ ကိုယ်တွေးတာမှ အမှန်ဆိုသည်နှင့် သူများနေရာ၌ဝင်ခံစားနားလည်ပေးရခြင်းတို့ကြား ကိုယ့်၏ ဖြစ်တည်မှုပင် ပျောက်ဆုံးလုဖြစ်လာသည် ။

သူများကို ဖြည့်ပြီး နားလည်ပေးသည်… ပိုပိုမိုမို နားလည်ပေးသည်… ကျော်၍နားလည်ပေးသည်… ကိုယ့်အတွက် နားလည်စရာကိုပင် ချန်မထားတော့ ကုန်တဲ့အထိ သုံးမိသွားသည် ။

အရင်က.. အရင်ကနဲ့… ကြာလာတော့ (နောက်ဆုံးအပိုဒ်)

အရင်က သူ သူများထက်ဦးရတာကို သဘောကျသည် ။

သူများမသိသေးတာ အရင်ဦးဆုံး သိလိုက်ရမှ… အရင်ဆုံး ပြန်ဝေမျှလိုက်ရမှ… အရင်က သူများတွေထက် အရင် ဦးဦးဖျားဖျား နေရာယူထားချင်သည် ။

သိပြီးသား ကြားပြီးသား ဖြစ်ချင်… တော်တော်များများကို နှံ့စပ်ထားချင်သည်…

ကြာလာတော့ စိတ်ကို ဉာဏ်နှင့် ခန္ဓာက မလိုက်နိုင် အသင့်အတင့်နှလုံးမသွင်းထားသည့် ဖြစ်ချင်သည့်စိတ်ကြောင့်သာ ပင်ပန်းလာစေသည် ။

သူ့လိုမဟုတ် သူနဲ့မတူ သူ့နဲ့ဆန့်ကျင်ဘက် သူ့လောက်မဦးသူ ထိုသူများအပေါ် စိတ်ထဲမှ တမျိုးသောရယ်ခြင်းဖြင့် ရယ်မိခဲ့သည် ။ သရော်တော်တော်မှသည် မသိမသာဖြစ်ဖြစ်လှောင်လိုခြင်းအထိ သူ့စိတ်တွေ အကျူံးဝင်ခဲ့သည်…

မှောက်ထားသော မှန်တချပ် လှန်လိုက်သလို ထိုသူတွေသည် သူဖြစ်လာသောအခါ…

သူ အသံတိတ်သွားသည်…

သူ ထင်နေတာတွေ အခြေခံအစ ပြောင်းပြန်လှန်ခံလိုက်ရသည်…

သူ ထိုနေရာမှာတင် ရပ်တန့်သွားသည်…

သူသည် စာရေးသူ လုံးလုံးလျားလျားမဟုတ်သလို စာရေးသူသည်လည်း သူ၏ တစိတ်တပိုင်းပင် ဖြစ်သည် ။

November 11, 2010

Going 90s Rock

Filed under: Khet Yint Yint — khetyintyint @ 1:23 am

အစိုင်လိုက်အခဲလိုက် တစ်စို့လို့ မျိုချမရဖြစ်နေတဲ့ အခါတွေမှာ ပြောတာတွေကလည်း ဗလုံးဗထွေးနိုင်နေပြန်တယ် ။ ခုရက်ပိုင်းမှာ ၁၉၉၀ ဝန်းကျင်တစ်ဝိုက်က Rock သီချင်းများကို တိမ်းညွတ်လျက်သား ၊ Glam metal ရဲ့ သင်္ကေတအတိုင်းပဲ ဆံပင်ရှည်ရှည်ကို ခါခါရမ်းပြီး သီချင်းတွေ အော်ဟစ် ပေါက်ကွဲပစ်လိုက်ချင်တဲ့ အခါလည်းရှိရဲ့ ။ နင့်နင့်နဲနဲ ပြင်းထန်ခံစားရတဲ့ Rock ဂီတသီချင်းတွေဘက်သို့ ပြန်လည်ဦးညွတ်ခြင်းအတွက် အကြောင်းအချင်းအရာ တိတိပပ ပေးစရာမလို ၊ ထွေးအံစရာစကားလုံးတွေ ပြန်ပြန်မျိုချရနေခြင်းအတွက် အတော်အသင့် သက်သာလိုသက်သာငြား ရင်ဘတ်ထဲ ဒီသီချင်းတွေ မောင်းသွင်းပစ်ကြည့်လိုက်တယ် ။

Cinderella အဖွဲ့ရဲ့ Heartbreak station

မြန်မာမှုပြုလိုက်တော့ ဒီလိုဖြစ်လာတယ် ။

ငါ့ဘူတာရုံလေးလဲ တိတ်ဆိတ်တဲ့ညတွေလို.. အိပ်စက်ဖို့အသင့်ပြေနေ.. ဘာကိုမှ မသိချင်သလို…

ပြတင်းပေါက်က အလင်းလို တံခါးပိတ်တော့ပျောက်ကွယ်ပြီ.. ဆုံးရှုံးသွားတာလည်း ဘူတာအိုလေး မသိနိုင်ပြီ….

သီချင်းအဖွင့်မှာတင် ကိုယ်ဟာ ဘယ်ရထားမှ တကူးတက မရပ်တန့်တဲ့ ဘူတာအိုငယ် အဟောင်းအနွမ်းတစ်ခုသက်သက်အဖြစ်..။ လေးဖြူ က နောက်ဆုံးရထား လေးးး လို့ ဆွဲတငင်ငင် တမ်းတလိုက်တဲ့အခါ တရွေ့ရွေ့ထွက်သွားတဲ့ ကိုယ်မမှီတော့တဲ့ရထားတစ်စင်းကို မှုန်ပြပြအလင်းတွေကြားထဲ မြင်ယောင်နေမိလိုက်တယ် ။

Love hurts

နာမည်နဲ့တင် အစအဆုံးပြောသွားပြီးသား ဘာများ ထပ်ဖြည့်စွက်စရာလိုဦးမလဲ ။ ဒီသီချင်းကို လွန်ခဲ့တဲ့နှစ်ပေါင်း၅၀လောက်ကစပြီး ခုထိကို အဆိုရှင်ပေါင်းစုံ ဂီတအမျိုးစုံ ဆန်းသစ်နေတုန်း ။ ဆိုဟန်မျိုးစုံထဲ Nazareth band ရဲ့ ပုံစံက rock အဆန်ဆုံး ၊ ခံစားချက်ကို အဖွင့်ထုတ်ဆုံး ၊ နာနာကျည်းကျည်းဟန်အပြည့်နဲ့ ။ မောင်သစ်မင်းက “အချစ်ဒဏ်” ဆိုပြီး အပိုအလိုမရှိကွက်တိ အငှားခံစားတာကို လေးဖြူက ဒီလိုဆိုတယ်

အချစ်ဒဏ် အချစ်နာ ရောဂါဆိုးလွန်း.. ငါ့ရဲ့အသည်းအထိမခံ အငြိမခံ အားနည်း..

လုံးဝပွန်းပဲ့လွယ် လုံးဝထိခိုက်လွယ်…

တင်ဇာမော်က နောက်ပုံစံတစ်မျိုးနဲ့ဆိုတာ နားထောင်ရပြန်တော့

ငါ့မှာမသိပါ သို့ပေမယ့်လည်း တချို့အသိဉာဏ်များ ငါ့ကိုမင်းသင်ထားခဲ့.. အများကြီးသိခဲ့ပြီ အများကြီးတတ်ခဲ့ပြီ….

သီချင်းစာသားအကြား ခပ်တိုးတိုးလေး လိုက်ရွတ်မိနေတုန်း ဟုတ်တယ်မှန်တယ် ခေါင်းတဆတ်ဆတ်ငြိမ့်မိလိုက်တော့ ခပ်ရဲ့ရဲ့လေးကျန်နေတဲ့အသဲကပါ ဆတ်ဆတ်ခါ နာသွားတယ် ။ လေးဖြူက ခံစားချက်ကို ဖောက်ခွဲထုတ်ပြီး ကျိတ်မနိုင်ခဲမရဟန်အပြည့်နဲ့ မာမာကျောကျော သီဆိုထားပေမယ့် တင်ဇာမော်ကျပြန်တော့ ကြိတ်မှိတ်နာကြင်ရသမျှ ဒီသီချင်းနဲ့ ဖွင့်ဟမြည်တမ်းလိုက်ရပုံ ။ အသံပါဝါခြင်း ဆိုပုံဆိုပေါက်ခြင်း မတူတဲ့ ဒီအဆိုတော်နှစ်ဦးမှာ မုဒ်ခြင်းယှဉ်ရင် တင်ဇာမော်ရဲ့ မုဒ်ဘက်ကို ရင်ဘတ်ခြင်းပိုနီးစပ်သွားတယ် ။ ကိုယ်ကလည်း အချစ်ပေါ်မှာ ခက်ထန်မာကြောနိုင်တာမှ မဟုတ်ပဲ ။

Aerosmith ရဲ့ Angel

(သို့မဟုတ်) ဇော်ဝင်းထွဋ် ရဲ့ ဂန္ထဝင်စိမ်းဆို ပိုသိကြမလားပဲ ။

သြကာသလောကတခွင်ရဲ့ စိမ်းလန်းတက်ကြွခြင်းတွေကဘာရယ်ကြောင့် ခင်မင်ကျွမ်းဝင်မှုတွေကျဲတောက်သွားတဲ့ စိမ်းကားမှုနဲ့မှ သွားရောက်ပတ်သက်လိုက်သလဲ ။ ရင်းနှီးပတ်သက်လာတာများလာတာလေ အဲဒိထက်ပိုလို့သာ တိုးလို့လိုချင်လာလေ ဖြစ်လာလေမို့ တစ်ခါတစ်လေများ ပုံမှန်ရရှိနေကြ အကြင်နာတွေတောင် နည်းပါးသွားသယောင်ယောင် သက်ဝင်ယုံကြည်လာမိတယ် ။ အနည်းအများဆိုတာလည်း ဘာနဲ့တိုင်းတာလို့ရမှန်း ဒီကကောင် ဂဃနဏ သိမှမသိတာ ။ ပြောချင်စရာစကားတွေရှိလည်း ထွက်ရမယ့်အသံပျောက်နေလေတော့ ရရှိနေတာကိုသာ အကောင်းဆုံးလို့မှတ်ပြီး ရင်ဘတ်ကြီးထဲ အတင်းထိုးထည့် ကြိတ်မှိတ်ဖြေသိမ့်လိုက်ရုံသာ တတ်နိုင်တော့တယ် ။

October 13, 2010

Ancient Bagan in Last Airbender ?

Filed under: Khet Yint Yint — khetyintyint @ 1:10 pm
ပေါက္ကံရာမ

မနေ့တနေ့က ဟောလိဝုဒ်ရဲ့ The Last Airbender  ရုပ်ရှင်ကို ကြည့်ဖြစ်တယ် ။ နာမည်ကြီး ကလေးကာတွန်းဇာတ်လမ်းတွဲကို ရုပ်ရှင်ပြန်ပြောင်းထားတဲ့ ဒီကားမှာ အဓိက သရုပ်ဆောင်တွေကလည်း ကလေးတွေပဲ ဖြစ်ပြီး ကလေးပရိတ်သတ်ကို အဓိကရည်ရွယ်ရိုက်ထားပြီးတော့ ဒီကလေးကားကို ကလေးမဟုတ်တော့တဲ့ ကျွန်တော်က သဘောတကျ ကြည့်ပါတယ် ။ လောကရဲ့ Drama တွေကြားမှာ မျောနေတာကနေ တခါတခါ ဒီလို စိတ်ကူးယဉ်ဆန်ဆန် ဖန်တီးထားတဲ့ ကမ္ဘာသစ်တစ်ခုကို ဘေးကနေ ရပ်ကြည့်မော ပြီး အရသာခံပါတယ် ။ စိတ်ကူးဆန်ဆန်ဖန်တီးထားတဲ့ ဒီဇာတ်လမ်းမှာတောင် အပြင်က အစုအဖွဲ့တွေ ထုထည်တွေကို  ထည့်သွင်းထားတာ တွေ့ရပါဦးမယ် ။ အပေါ်က ပုံကတော့ ဇာတ်ဝင်ခန်းတစ်ခုမှာ တွေ့ရတဲ့ (Fire Nation) မီးနိုင်ငံတော်ရဲ့ ရှုမျှော်ခင်းတစ်ကွက်ပါ ။ လေ  ရေ  မြေ  မီး ဓာတ်ကြီးလေးပါး အသီးသီးနဲ့ သက်ဆိုင်ရာ နိုင်ငံလေးနိုင်ငံကြားက အားပြိုင်မှုတွေကို ရိုက်ပြထားတဲ့ ဒီကားမှာ အိန္ဒိယမျိုးနွယ်သားတွေက မီးနိုင်ငံတော်သားတွေ အဖြစ် ပုံဖော်ထားပြီး သူတို့ နိုင်ငံကတော့ ရှေးပေါက္ကံရာမ (ပုဂံပြည်) လို့ ယူဆနိုင်ပါတယ် ။ နောက်ခံရှုခင်းအရတော့ ရှေးပုဂံပြည်လို့ ယူဆနိုင်တဲ့ ပုဂံရဲ့ နာမည်ကျော် စေတီ ပုထိုးတွေကို ထည့်သွင်းရိုက်ပြထားတာ မြင်နိုင်ပါလိမ့်မယ် ။ တစ်ချို့ကတော့ ဒီရုပ်ရှင်ကားထက် မူရင်း ကာတွန်းဇာတ်လမ်းတွဲကို ပိုသဘောကျတယ်ပြောပါတယ် ။  ရုပ်ရှင်ကို ၃ပိုင်းရိုက်မယ်လို့ မှန်းထားတဲ့အတွက် နောက်ထပ် ၂တွဲထွက်လာဖို့ရှိပါသေးတယ် ။ ဒါပေမယ့်လည်း ရုပ်ရှင်ကို အကြီးအကျယ် ပရိုမိုးရှင်းတွေလုပ်ထားပေမယ့် ကြည့်မိတော့လဲ ထင်သလောက် မကောင်းသလိုပါပဲ ။ အင်းလေ .. ကလေးတွေ ဝု ဝှစ် လုပ်ပြီး ရေတွေ လေတွေကို ကန်ပြကွေးပြတာကို ဒီထက်လဲ ပိုကြိုက်လို့ရပါ့မလဲ ။ ကိုယ်မှ ကလေးမဟုတ်တော့ပဲ .. ဟင်းး

(ပုဂံပြည်ရှုခင်းတွေပါကြောင်း review ရေးထားတဲ့ MMCP forum က မန်ဘာတစ်ဦးကို ကျေးဇူး)

October 9, 2010

Sniffing a foul smell

Filed under: Khet Yint Yint — khetyintyint @ 2:10 am

တစ်နေ့တုန်းကဖြစ်သည် ။

ထိုနေ့က မိုးမရွာပါ ။ မိုးမရွာသဖြင့် ထုံးစံအတိုင်း သွေ့ခြောက်ခြောက် ထုံပိုင်းပိုင်း ။ ဆိုတော့ကာ ပူစပ်ပူလောင်နိုင်လှသည့် ညနေခင်းတစ်ခု ။ ညနေကသူ့အတိုင်းနေပေမယ့် သူကတော့ အလောသုံးဆယ် ။ လမ်းတစ်ဖက်ကူးဖို့ စိတ်မရှည်စွာ ။ သူ့ဘေးမှာလည်း သူ့နည်းတူများ…ဖြတ်ကနဲပြောင်းမယ့် အရောင်တစ်ရောင်ကို ကြည့်နေကြ ။ လူတွေလမ်းကူးဖို့ ကားတွေရပ်တယ်…ကူးနေတုန်းပဲ မီးရောင်ဖြတ်ဖြတ် လတ်လတ်တောက်တယ် ။ ဟိုဘက်ကနေကူးသူအတွက် ဒီဘက်ကိုရောက်ပြီ ။ သူတစ်ယောက်ထဲပဲ နှာခေါင်းရှုံ့မိသလား ၊ အမြန်လျှောက်လျှောက်ပြီး လွတ်ရာကင်းရာ လှမ်းမိနေသလား ။ ဒီအနံ့ကို သူမခံစားနိုင် ၊ မစုံမက်တတ်တော့ ။ ဟင်းကနဲ အသံသာ မမြည်ရှိမည် ။ ဒီအနံ့ကို ဒီအနားမှာရတိုင်း စိတ်ထဲမတော့ မသက်မသာ ဖြစ်မြဲ ။ ညှော်တယ် ညှော်လွန်းတယ် ။ သူ အနီးစပ်ဆုံး အမျိုးအမည်ခွဲတတ်တာကလည်း ဒါပဲ ဖြစ်သည် ။ ညှော်တဲ့အနံ့လား ညှော်နေတာထက် ပိုဆိုးသလား ။ တော်လောက်ပါပြီ…သူမနှစ်မြို့တော့တဲ့ အနံ့ရယ် ၊ ဖြတ်လျှောက်သွားရင် လူကိုစွဲကပ်တတ်တဲ့ ဆီကြော်ရဲ့အပူရှိန်ရယ်…ဘာမှန်းသေချာအောင် မခွဲခြမ်းတော့ပါ ။ ဘေးနားက 7/11 ဆိုင်..နောက်တဖက်က AirAsia…ဘယ်လိုများနေမလဲ ။ သူသည် အလွန်သန့်ပြန့်နေတတ်တဲ့သူတော့ မဟုတ် ။သူလိုငါလိုတွေထဲ အသန့်လွန်ပြီး ထင်းနေမည့်သူလည်း ဘယ်တော့မှဖြစ်မလာနိုင်တော့မှန်း သိပြီးသား ။ သို့သော် ရေမိုးချိုးပြီးစ ခန္ဓာကိုယ်ကိုမူ လျှော်ပြီးသား အဝတ်တစ်စလို အပေအရေ မခံချင်သူ ဖြစ်သည် ။ တစ်နာရီခံခံ…နှစ်နာရီခံခံ…တစ်ရှုးအသစ်တစ်ရွက်လို ခပ်သန့်သန့်နေချင်သည်…နောက်မှ နှပ်တရှုံ့ရှုံ့ဖြစ်ချင်ဖြစ်နေတာက တစ်ပိုင်းဖြစ်သည် ။ ကြည်လင်နေသော စက္ကဖြူတစ်ရွက်လို သူ့ကိုယ်သူ သတ်မှတ်ထားသော ခန္ဓာသည် ထိုနေရာကို ဖြတ်သွားရသောအခါ ဆီအစိမ်ခံလိုက်ရသော တစ်ရှုးစလို ရွဲသွားသည် ၊ နွမ်းဖတ်ဖတ်ကြီးဖြစ်သွားတဲ့ ဆီစိမ်စက္ကူစအလား ။ မတတ်နိုင်…တကူးတကဖြစ်စေ ၊ လမ်းကြုံနေ၍ဖြစ်စေ ထိုအရပ်ရောက်အောင်သွားလိုလျှင် ထိုနေရာအနားကိုတော့ မလွှဲမရှောင်သာ ။ စောကြောကြည့်ဖို့တော့ ကောင်းလှသည် ။ ဘာကြောင့် ဘာလို့ ဘာကိစ္စ ။ အဖြေက အိုးချန်ကီး … နေရာက စီးတီဟော ပန်နဇူလာ ပလာဇာ … စားဖွယ်စုံ သရေစာအမျိုးမျိုးရောင်းချသည့် ဒီလိုဆိုင်များထဲတွင်မှ ဒီတစ်ဆိုင် ဒီနေရာတွင်မှ ဘောက်မယ့်ကြောင့် တမူထူးစွာ ညှော်ရသနည်း ။ လေဝင်လေထွက်မကောင်း၍လား ၊ အသုံးပြုထားသည့် ဆီအနံ့ကိုပဲ အပြစ်ပြောရမလား ၊ လုံလောက်သည့် နေရာအကျယ်အဝန်းမရှိခြင်းလား ။ ထိုဆိုင်နားတဝိုက်မတော့ အနံ့တစ်မျိုး ၊ တငြီးငြီးဟပ်နေသည့် အပူရှိန်တို့က အုပ်ထားခြုံထားလို့ ကောင်းလျက် ။

တစ်နေ့တုန်းကဖြစ်သည် ။

October 3, 2010

C for Cover

Filed under: Khet Yint Yint — khetyintyint @ 4:25 pm

သမိုင်းပေးတာဝန်တစ်ရပ်အလား C series ထဲမှာ တတပ်တအား ပါဝင်အားဖြည့်ဖို့ ကိုယ့်ကိုယ်ကို ခံယူလိုက်ပါတယ် ။ အခြားသူများ မသိနိုင်အောင် ဖုံးကွယ်ထားတဲ့ ၊ လွှမ်းခြုံထားတဲ့ ကာဗာ .. မျိုးတွေလည်းရှိသလို ဒီနေရာမှာပြောမယ့် ကာဗာကတော့ သူ့ခေတ်နဲ့သူ နာမည်ရှိခဲ့တဲ့ သီချင်းတွေကို  ရသတစ်မျိုး ဆိုဟန်တစ်မျိုးနဲ့ မူဟန်အသွယ်သွယ် ပြန်လည်သီဆိုတာကို ရည်ညွန်းပါတယ် ။  သူ့ဟာသူကောင်းပြီးသား အောင်မြင်ပြီးသားသီချင်းများလည်း ပုံစံအသစ် ၊ အရသာအသစ်နဲ့ ဆန်းသစ်ထားတာ နားထောင်ရပြန်တော့ တမူကွဲတဲ့ စိတ်အာဟာရ ဖြစ်စေပြန်ပါရော ။ ကြည်လင်နေတဲ့အချိန်မှာ  ငြိမ့်ငြောင်းတဲ့ သံစဉ်တွေက လိုက်ဖက်ညီစေသလိုပဲ ဗလောင်ဆူတတ်တဲ့အခိုက်အတန့်ကြပြန်တော့ ကမူးရှုးထိုး ဂီတတစ်မျိုးနဲ့မှ နှစ်သိမ့်ပေးနိုင်စေလိမ့်မယ် ။ ဒီအကြောင်းအခြင်းအရာ ၊ ဒီစာသား ၊ ဒီဖွင့်ဟမှုကိုပဲ မတူခြားနားတဲ့ ဂီတပုံစံတွေနဲ့ ဖော်ကျူးလိုက်ပြန်တော့ ကြားနာသူမှာ ခံစားချက်တွေ ပွက်ပွက်ဆူမိအောင်ထိ ဖြစ်လာတယ် ။ ဂီတပုံစံအမျိုးစုံလှတဲ့ ကျော်ကြားပြီးသား သီချင်းတွေကို မီးကျွမ်းနေတဲ့သစ်စ* တွေရဲ့ ဖန်တီးမှု ၊ ပွင့်အံမှုတွေက နားထောင်သူတွေရဲ့ စိတ်အစဉ်တွေကို လောင်မီးတိုက်ပစ်လိုက်တယ် ။ စိတ်မှာလောင်စာရှိနေမှတော့ မူလသီချင်းပုံစံကို မေ့သွားလောက်အောင်ကို ဂီတသစ်မှာ ဟုန်းဟုန်းတောက်ပြာကျသွားမိရော ။  ဒီရက်ပိုင်းတွေမှာတော့ ရှေးက သီချင်းဟောင်းတွေကို Punk band တွေပြန်ဆိုထားတဲ့ ပုံစံသစ်ဂီတတွေနဲ့ပဲ အဆက်အဟပ်တည့်နေပါတယ်  ။ သို့ပေမယ့် ဒီစာကိုရေးမိတဲ့ အခုအချိန်နဲ့ဆိုရင်တော့ အာရုံကျတဲ့ဒီဂရီက အနည်းငယ် ဟသွားပါပြီ ။ Cover ရဲ့ အဓိပ္ပါယ်တစ်ခုဖြစ်တဲ့ ဖုံးထားခြင်း ကာထားခြင်းအတိုင်းပဲ ထွေးနေတဲ့အာရုံတွေက ငြိမ့်ငြိမ့်ညောင်းသီချင်းတွေကို ဆူပွက်စေတဲ့ Cover songs တွေနဲ့ပဲ လိုက်ရောညီထွေ အုပ်ထားခြုံထားနိုင်လိမ့်မယ် ထင်ပါတယ် ။ ယူကျူ့လိုမျိုး ဂူဂယ်လိုမျိုးမှာ punk cover songs ဆိုပြီး ရှာကြည့်မယ်ဆိုရင် တွေ့နိုင် နားဆင်နိုင် ခံစားနိုင်ပါလိမ့်မယ် ၊ ဗီဒီယိုလိုမျိုး အလုံးလိုက်အရင်းလိုက်ကြီး မတင်မိပေမယ့် ဒီလို လင့် http://www.youtube.com/watch?v=Tw8Mr8ZWJ-Y လေးလောက်တော့ ချရေးမိတာ အပြစ်မဖြစ် အပြောလွတ်မယ် ထင်ပါရဲ့😀 ။

မီးကျွမ်းနေတဲ့သစ်စ* = punk ၏ အဓိပ္ပါယ်တစ်မျိုး

Next Page »

Blog at WordPress.com.

Follow

Get every new post delivered to your Inbox.