- အရင်က သူ ကမ္ဘာကြီးမှာ ဖြစ်ပျက်နေသမျှ အကုန်သိချင်သည် ဖြစ်ရပ်တော်တော်များများကို သိလိုက် မြင်လိုက် ကြားလိုက်ရမှ…
- အရင်က သူ့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေသမျှ အကုန်သိချင်သည် ဖြစ်ရပ်တော်တော်များများကို အကြားဖြင့်ဖြစ်စေ အမြင်နဲ့ဖြစ်စေ သိလိုက် ပတ်သတ်လိုက်ရမှ…
- အရင်က သူ အွန်လိုင်းလောကမှာ ဝင်ဆံ့ချင်သည် ချိတ်ဆက်ထားသော ကွန်ယက်အသီးသီးမှာ လှုပ်ရှားလိုက်ရ စကားဟလိုက်ရ ဝေဖန်ချက်ပေးလိုက်ရမှ…
သူတတ်နိုင်သော ပေးနိုင်သော အချိန်၊ အခြေအနေအတွင်း အရေးအရာမှန်သမျှထဲ ဝင်ပါချင်သည် ဝင်စီးမြောချင်သည် အရင်က သူ့ထက်ပို၍ကြီးကျယ်သော ဖြစ်ရပ်တွေအသီးသီးမှာ ပါဝင်ပတ်သတ်လေ့ရှိသည် ။ အနည်းဆုံး ဘေးကနေ ရပ်ကြည့် တွေး ငေး … ဖြစ်ရပ်များနဲ့အတူ အချိန်များပါ စီးဆင်းသွားကြမှန်း သူ သတိမထားမိ ။ သိနေ ကြည့်နေ မြင်နေ ကြားနေ ရတာကိုက သူ့အတွက် ကျေနပ်စရာ ။ မည်သည့်ကိစ္စပဲ ဖြစ်ဖြစ် သူ အရင် သိလိုက်ရမှ အရင် ကြည့်လိုက်ရမှ နောက်ပြီး ထိုဖြစ်ရပ်များကို အရင် တဖန်ပြန်လည် ဖြန့်ဖြူး ဝေမျှလိုက်ရမှ…
သူသည် အဦးဆုံး အထူးဆုံး ဖြစ်ခြင်းကို နှစ်သက်သူ ။ သူ ကြုံတွေ့ရသမျှ အရေးအကြောင်းများ ကိစ္စများ သူ့စိတ်ထဲ ဖြတ်သန်းစီးဆင်းသွားမြဲ… သို့သော် ထိုအရာများဆီမှ ကောင်းခြင်းဆိုးခြင်း ခွဲခြမ်းစိတ်ဖြာရမည့် ရေစစ်လို စိတ်တထပ် သူ့ဆီမှာ မရှိတတ် ။
- အတားအဆီးမရှိ သူ ဖတ်သည် ။
- အကြားအလပ်မကျန် သူ နားထောင်သည် ။
- အကန့်အသတ်မရှိ သူ ကြည့်သည် ။
ကြာလာသည်နှင့်အမျှ သူ့စိတ်တွင် အနည်ထိုင်ကျန်လာခဲ့သည်မှာ သင်ခန်းစာ အဆီအနှစ်များမဟုတ်ကြပဲ သူနှင့်ပတ်သတ်ရာ လောကတခုလုံး၏ ကောင်းဆိုးနှစ်လီလုံး ရောပြွန်းနေသည့် အဖြစ်အပျက် ညစ်ထပ်ထပ်များသာ ဖြစ်လာသည် ။
- သူ သတင်းများဖတ်သည်…
- ဖြစ်ရပ်များကြား ဝင်ပါသည်…
- ခပ်ဝေးဝေးကနေ ဖြတ်သွားသော အဖြစ်များကိုလည်း လှမ်းကြည့်သည်…
- သူ ဆက်သွယ်သည်…
- သူ့အသံ အများကြားစေချင်သည်…
- သူ ဝေဖန်သည် သူ မှတ်ချက်ရေးသည်…
- သူ လူချစ်လူခင်များချင်သည်…
ကြိုးစားသည်ဆိုသော အဓိပ္ပါယ်ဖွင့်ချက်အောက်တွင် မည်သူက မည်သည့်ရှု့ထောင့်မှ ဖွင့်ဖွင့် သူ ကြိုးစားသည်ဆိုသော သတ်မှတ်ချက်အောက်တွင် မရှိ… သို့သော်
- သူ နေရာတနေရာတော့ ရောက်ချင်သည်…
- သူ ကွန်ယက်ဖွဲ့သည် ကွန်ယက်ထဲပါသည်…
အဖွဲ့တခုခုတွင် ပါဝင်နေရသည်ဆိုသော အသိက သူ့စိတ်ကို အရေးတခုခုနှင့် ပတ်သတ်နေရသည် ဆိုသည့် ခံစားမှု ပေးသည် ။
- သူ မိတ်ဆွေများ ဖွဲ့သည်… သို့သော် ကိုယ်ရင့်နဒူ မပေါင်းဖြစ်… သူ့အနေနှင့် သိရုံသိရခြင်းနှင့်ပင် လုံလောက်သည်ဟု ကိုယ့်ကိုယ်ကို သတ်မှတ်ထားသည်…
- သူ အရေးအရာများစွာကို နှံ့စပ်သိမြင်ချင်သည်… သို့ပင်လျက် ထဲထဲဝင်ဝင် မလေ့လာဖြစ်…
အများတို့ ချက်ကြလက်ကျ အပ်ထိမတ်ထိ ပိုင်နိုင်စွာ ပြောဆိုကြသောအခါ သူ နှုတ်ဆွံ့မြဲ… ပါးစပ်အဟောင်းသားဖြစ်ရသည်အထိ ဟုပြောထွက်ဖို့မှု သူ့အတ္တကခွင့်မပြု…
- သူ နေရာယူချင်သည် သို့ပင်လျက်နှင့် သူ့မှာ ဘေးက ရပ် ကြည့် ငေး သူတယောက်သာ ဖြစ်ဆဲ…
ထိုအခါ သူ့စိတ်ထောင့်ကွယ်မှ အမည်မဖော်ချင်သော စိတ်တခု လှုပ် လွန့် လူး လာသည်.. နောင်တဟု ပြောရလောက်အောင် သူ့အတ္တက ခွင့်မပြု…
- အများသူငါတွေလို သူလည်း အတည်တကျ စိတ်နှစ်ခုဖလှယ်ရမည့်သူ ရရှိချင်လာသည်… သို့ပင်စင်လျက် သူ့မှာလူသိရှင်ကြား မဖွင့်ဟဖြစ်… မရေးထားသော တရားဓမ္မများနှင့် မချည်ထားသော ကြိုးများက တုပ်နှောင်ထားသောကြောင့် ဖြစ်သည်… စောင့်ထိန်းခြင်းလို့ ပြောရလောက်အောင် မရိုးရှင်းလှ… ။
ကြာလာတော့ သူ စိတ်တွေနောက်ကျိလာသည်…
- အစက နှံ့စပ်စေလို၍ သိချင်သော သတင်းများက စိတ်အစဉ်ကို ကိုင်လှုပ်လာသည်… သူဘာမှမတတ်နိုင်သော ဖြစ်စဉ်များကြား စိတ်ကို ဖြေသာရာ ရဖို့ထက် ပိုလေးလံလာစေသည် ။
ကြာလာတော့ သူ စိတ်တွေ ဗလောင်ဆူလာသည်…
- အစက စိတ်အာဟာရအဖြစ် လက်ခံသော သုတရသများက လိုသည်ထက်ပို၍ စိတ်အစဉ်ထဲ ဝင်နေရာယူလာသည်… သူစုပ်ယူနိုင်သည်ထက် ပိုလျှံသော စိတ်အာဟာရများက သူ့ကိုယ်ပိုင် အတွေးအခေါ်များ ဖန်တီးမှုများကို ချို့တဲ့စေလာသည် ။
ကြာလာတော့ သူ ဆောက်တည်ရာမရ ဖြစ်လာသည်…
- အစက သူများနောက်မကျန်ခဲ့စေလိုသော စိတ်ဖြင့် လောကကြီး၌ ဖြစ်သမျှ အရာရာ အမှီလိုက်လိုသောစိတ်က ကြောင့်ကြမှုကြောင့် သောကသာ ဖြစ်လာစေသည်…
ကြာလာတော့ သူ သည်းမခံနိုင်ဖြစ်လာသည်…
- အစက အပေါင်းအသင်းများနှင့်ပြန်လည်ဆက်သွယ်ရန် ပေါင်းကူးထားသော ကွန်ယက်က တခါတခါ မထင်မှတ်သောထောင့်က ဝေဒနာ၊ စိတ်ပူပင်မှု နှင့် မချင့်မရဲဖြစ်မှုတို့ကို အလှည့်ကျဆီ ပေးတတ်လာသည် ။
ကြာလာတော့ သူ၏ကိုယ်ပိုင်ရပ်တည်မှုကိုပင် သံသယဖြစ်လာသည်…
ကိုယ်ထင်တာ ကိုယ်တွေးတာမှ အမှန်ဆိုသည်နှင့် သူများနေရာ၌ဝင်ခံစားနားလည်ပေးရခြင်းတို့ကြား ကိုယ့်၏ ဖြစ်တည်မှုပင် ပျောက်ဆုံးလုဖြစ်လာသည် ။
သူများကို ဖြည့်ပြီး နားလည်ပေးသည်… ပိုပိုမိုမို နားလည်ပေးသည်… ကျော်၍နားလည်ပေးသည်… ကိုယ့်အတွက် နားလည်စရာကိုပင် ချန်မထားတော့ ကုန်တဲ့အထိ သုံးမိသွားသည် ။
အရင်က.. အရင်ကနဲ့… ကြာလာတော့ (နောက်ဆုံးအပိုဒ်)
အရင်က သူ သူများထက်ဦးရတာကို သဘောကျသည် ။
သူများမသိသေးတာ အရင်ဦးဆုံး သိလိုက်ရမှ… အရင်ဆုံး ပြန်ဝေမျှလိုက်ရမှ… အရင်က သူများတွေထက် အရင် ဦးဦးဖျားဖျား နေရာယူထားချင်သည် ။
သိပြီးသား ကြားပြီးသား ဖြစ်ချင်… တော်တော်များများကို နှံ့စပ်ထားချင်သည်…
ကြာလာတော့ စိတ်ကို ဉာဏ်နှင့် ခန္ဓာက မလိုက်နိုင် အသင့်အတင့်နှလုံးမသွင်းထားသည့် ဖြစ်ချင်သည့်စိတ်ကြောင့်သာ ပင်ပန်းလာစေသည် ။
သူ့လိုမဟုတ် သူနဲ့မတူ သူ့နဲ့ဆန့်ကျင်ဘက် သူ့လောက်မဦးသူ ထိုသူများအပေါ် စိတ်ထဲမှ တမျိုးသောရယ်ခြင်းဖြင့် ရယ်မိခဲ့သည် ။ သရော်တော်တော်မှသည် မသိမသာဖြစ်ဖြစ်လှောင်လိုခြင်းအထိ သူ့စိတ်တွေ အကျူံးဝင်ခဲ့သည်…
မှောက်ထားသော မှန်တချပ် လှန်လိုက်သလို ထိုသူတွေသည် သူဖြစ်လာသောအခါ…
သူ အသံတိတ်သွားသည်…
သူ ထင်နေတာတွေ အခြေခံအစ ပြောင်းပြန်လှန်ခံလိုက်ရသည်…
သူ ထိုနေရာမှာတင် ရပ်တန့်သွားသည်…
သူသည် စာရေးသူ လုံးလုံးလျားလျားမဟုတ်သလို စာရေးသူသည်လည်း သူ၏ တစိတ်တပိုင်းပင် ဖြစ်သည် ။
မှန်၏. အညောင်းလွန်သွားလို့သတင်းစာတောင်မဖတ်တော့ဘူး မသိရလဲ ဘာမှ မဖြစ်ပါဘူးဆိုပြီ။
Comment by kom — April 6, 2011 @ 6:03 am |
သေချာရေးထားတဲ့စာလေးကို မဖြစ်ညစ်ကျယ်လေး လာရေးရတာ အန်မတန်အားနာပါ၏. မရေးဘဲနဲ့တောင်ပြန်သွားဦးမလို့။
Comment by kom — April 6, 2011 @ 6:04 am |
သိပ်ကြိုက်ချင်စရာကောင်းတဲ့ အရေးအသားမျိုးပဲ…
လူတိုင်း လူတိုင်း စိတ်တွေ ညောင်းဖူးကြပါတယ်… ဒီတော့ စိတ်ကျောင်းထွက်ကြပြန်တယ်…
ဒီလိုပဲ ညောင်းလိုက်၊ အညောင်း အညာပြေအောင် ထွက်ကျောင်းလိုက်နဲ့ ဘဝကြီး လည်နေရတာ…
သေချာတာကတော့ မောင်လေး ခမမ… လူကြီးဖြစ်လာတယ် ဆိုတာပါပဲ…။
Comment by သက်ဝေ — April 6, 2011 @ 4:45 pm |
အချို့စာသားတွေက
ကိုယ့်စိတ်ထဲဖြစ်တာတွေကို
ပီပီပြင်ပြင်ချရေးပြထားတာကို
ပြန်ဖတ်ခွင့်ရလိုက်သလိုမို့
ညောင်းနေတဲ့စိတ် အနှိပ်ခံလိုက်ရသလိုပါပဲ။
Comment by sonata-cantata — April 7, 2011 @ 8:49 pm |
ကြိုက်တယ်
ကိုယ့်ကိုကိုယ် ပြန်မြင်လိုက်ရသလိုပဲ
ကျေးဇူး။
Comment by nn — April 11, 2011 @ 11:27 pm |
စိတ်လေး အညောင်းမပြေသေးဘူးလား….း-)
Comment by သက်ဝေ — August 20, 2013 @ 10:18 pm |
Woah! I’m really digging the template/theme of this website.
It’s simple, yet effective. A lot of times it’s difficult to get that “perfect balance” between usability and
visual appeal. I must say you have done a awesome job with this.
Additionally, the blog loads extremely quick for me on Opera.
Outstanding Blog!
Comment by arab instagram followers — September 23, 2014 @ 6:52 pm |